ဂန့်ဂေါမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်

ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် လုံဟောရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

 

ဟောပြောပွဲတွင် ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်း ဒုရဲအုပ် ဖြိုးဟိန်းထွဋ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် မှုခင်းကျဆင်းရေးတို့ကို လည်းကောင်း၊ အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးကျော်လွင်က မီးဘေးကြိုတင် ကာကွယ်ရေးကို လည်းကောင်း ဟောပြောကြခဲ့ပြီး ကျေးရွာနေပြည်သူများအား မှုခင်းကျဆင်းရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ 

 

အလားတူ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ် တောင်ပြင်ရွာ အ.လ.က ၌ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစန္ဒာလွင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို ဟောပြောခဲ့သည်။

 

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးတို့နှင့် ကျေးရွာနေပြည်သူများ ၅၂ ဦးတို့သည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ပြသသည့် ဓာတ်ပုံပြပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

(ခရိုင်ပြန်/ဆက်)