ဂျပ်ခုတ်ပညာကို မိန်းကလေးတစ်ဦး မဖြစ်မနေတတ်မြောက်ရမည့် ပညာအဖြစ် အရှိုချင်းဒေသ၌ လက်ဆင့်ကမ်းပေးနေ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန်တောင် ဒေသဝန်းကျင်တွင် အခြေချနေထိုင်ကြသော အရှိုချင်း တိုင်းရင်းသား မျိုးနွယ်စုတွင် ဂျပ်ခုတ်ပညာကို မိန်းကလေး တစ်ဦး မဖြစ်မနေ တတ်မြောက်ရမည့်ပညာအဖြစ် လက်ဆင့်ကမ်းသင်ကြားပေးကာ ထိန်းသိမ်းနေကြောင်း အဆိုပါဒေသမှ သိရသည်။

“ ငယ်ငယ်ကတည်းက ကလေးတွေကစားရင် ဂျပ်ခုတ်တမ်းကစားအောင်သင်ပေးတယ်။ ဆယ်ကျော်သက် အရွယ်ရောက်ရင် အကုန်လုပ်တတ်ကုန်ကြပြီ။ ကျောင်းသူလေးတွေ ကျောင်းပိတ်ရက်ဆိုရင် အခြားတောင်ယာ အလုပ်ကို မလုပ်ခိုင်းဘဲနဲ့ ဂျပ်ခုတ်လုပ်တာကိုပဲ မိဘတွေက သင်ပေးတယ်။ ချင်းရိုးရာမှာ ဂျပ်ခုတ်ဆိုတာ မိန်းကလေး တစ်ယောက် မဖြစ်မနေတတ်ရမယ့် အလုပ်တစ်ခုပေါ့။ အဲဒါကြောင့် အတော်များများက တတ်ကြတယ်” ဟု အရှိုချင်းအမျိုးသမီးတစ်ဦးဖြစ်သူ မသင်းသင်းမော်က ပြောသည်။

အရှိုချင်းတို့၏ ဂျပ်ခုတ်လုပ်ငန်းတွင် မိန်းကလေးများ က ခြေဆင်းထိုင်ကာ တန်းတစ်ခုချိတ်ဆက်ထားသည့် ချည်ငင်များကို ခါးတွင်ခါးပတ်ပတ်၍ ဆက်သွယ်ချိတ်တန်း ကြောင်း၊ ခြေထောက်ဖြင့် ပဲ့ထိန်းသကဲ့သို့ပြု၍ လိုရာ ရောက်အောင် ဂျပ်ခုတ်ထည်များကို အကွက်ဖော်ရက်လုပ် ကြလေ့ရှိကြောင်း သိရသည်။

အရှိုချင်းဒေသ အမျိုးသမီးများသည် တဘက်၊ ခေါင်းပေါင်း၊ အိတ်၊ ရိုးရာစောင်နှင့် အဝတ်အထည်များကို ကိုယ့်လူမျိုးစု အသုံးပြုရန်သာ ရက်လုပ်ကြပြီး ဓာတု ကင်းလွတ်သစ်ခေါက်ဆေးများဆိုးကာ ဝတ်ဆင်ကြ ကြောင်း၊ စတိုးဆိုင်များမှ အဝတ်အထည် ဝယ်ယူဝတ်ဆင်မှု နည်းပါးပြီး ရိုးရာဂျပ်ခုတ်ထည်များကိုသာ ခေတ်နှင့်အညီ ဒီဇိုင်းများတီထွင်ရက်လုပ်ကာ ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြကြောင်း အရှိုချင်းအဘွားအို အပုတ်ပခလွန်ထံ မှ သိရသည်။

ဇေယျတု(မကွေး)