ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အကြိမ် (၂၀) မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့

ဇန်နဝါရီ၊ ၂၁ တိုကျို

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) တားဆီး ကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် အကြိမ် (၂၀) မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား မြန်မာသံရုံး၊ တိုကျိုမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများတို့ ဆက်သွယ်ညှိနှိုင်း စီစဉ်ပေးခဲ့ရာ လေယာဉ် ပျံသန်းအမှတ်၊ NH 813 သည် ဇန်နဝါရီ ၂၁ ရက် ၁၁ နာရီ ၃၅ မိနစ်တွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

 

အကြိမ်(၂၀)မြောက် ကယ်ဆယ်ရေး လေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတို ဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူ မိသားစုဝင်များနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း ၇၁ ဦး လိုက်ပါသွားခဲ့ ကြသည်။

 

ထို့ပြင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ပညာရှင်/ ကျွမ်းကျင်သူ ဝန်ထမ်းများ စုစုပေါင်း ၂၉ ဦး တို့လည်း လိုက်ပါ သွားကြသည်။

 

အကြိမ် (၂၀) မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ All Nippon Airways မှ ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

# Ministry of Foreign Affairs Myanmar

 

mdn