ဂျူဗင်တပ်အသင်းက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ပေါင်သန်း ၁၅ဝ နဲ့ ခေါ်ယူဖို့ စီစဉ်နေ

၃   ဖေဖော်ဝါရီ

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာလီဗာပူးအသင်းမှ နယ်သာလန်နောက်တန်းကစားသမား ဗန်ဒိုက်ကိုပြောင်းရွှေ့ ကြေး ပေါင် သန်း ၁၅၀ နဲ့ ခေါ်ယူဖို့စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

အခုတစ်ကြိမ်ခေါ်ယူဖို့ စီစဉ်လာခြင်းဟာ ကမ္ဘာ့ဒုတိယ ဈေးအကြီးဆုံး နောက်တန်းကစားသမား ဗန်ဒိုက်ကို ဒုတိယအကြိမ်အဖြစ် ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့စီစဉ်လာတာလည်း ဖြစ်ပါတယ်။ နောက်တန်းကစားသမား ဗန်ဒိုက်ရဲ့ လီဗာပူးအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ကလပ်အသင်းများဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ရယူထားနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ပရီမီယာလိဂ်ချန်ပီယံဖြစ်ဖို့လည်း နီးစပ်နေပြီဖြစ်ပါတယ်။

ဒါကြောင့် ဂျူဗင်တပ်အသင်းက ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုကို ခေါ်ယူထားခဲ့သလို လက်ရှိမှာလည်း လီဗာပူးအသင်းနောက်တန်းကစားသမား ဗန်ဒိုက်ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

နောက်တန်းကစားသမား ဗန်ဒိုက်ဟာလီဗာပူးအသင်းအတွက် အဖိုးထိုက်တန်တဲ့ရတနာတစ်ပါးဖြစ်သလို အခုနှစ် ဘောလုံးရာသီမှာ ပရီမီယာလိဂ်ပွဲစဉ် ၂၅ ပွဲကစားအပြီးမှာ ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူး နောက်တန်းခံစစ်ကြောင်းအနေနဲ့ ပေးဂိုး ၁၅ ဂိုးသာရှိခဲ့တာဖြစ်တယ်လို့လည်း သည်ဆန်းသတင်းဌာနက ဆိုပါတယ်။

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ ကမ္ဘာ့ဈေးအကြီးဆုံး နောက်တန်းကစားသမားဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့က မန်ယူအသင်းအနေနဲ့ လက်စတာစီးတီး နောက်တန်းကစားသမား မာကီယာကို ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် မာကီယာက ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးနောက်တန်းကစားသမား ဗန်ဒိုက်ဟာ ကမ္ဘာ့ ဒုတိယဈေးအကြီးဆုံး နောက်တန်းကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်