ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးထား

ဟားခါး ၂၆ နိုဝင်ဘာ   

 

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ၊မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ဟိုက်တလန်စိုက်ပျိုးရေးခြံတွင် သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိလာမှုများအား နိုဝင်ဘာ ၂၆ ရက်နေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဆလိုင်းဒယ်နီရယ်ထွန်းတင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

           

အဆိုပါ ဆောင်းသီနှံစားတော်ပဲ စမ်းသပ်စိုက်ပျိုးမှု အခြေအနေများနှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီဆောင်းသီးနှံစားတော်ပဲကို ဒေသနှင့်ကိုက်ညီမှု ရှိ၊မရှိ စမ်းသပ် စိုက်ပျိုးတာဖြစ်ပါတယ်၊ ဒေသနှင့်ကိုက်ညီမှုရှိရင်တော့ ချင်းပြည်နယ်အတွင်းကို ဆက်လက် ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒီဆောင်းသီးနှံစားတော်ပဲကို အခုစမ်းသပ်တဲ့အနေနှင့် (၅)ဧကလောက် စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်၊ အခုအပင်လေးတွေ တစ်လသားနီးပါး လောက်ရှိပါပြီ၊ စတော်ပဲကိုပုံမှန်နည်းနဲ့ စိုက်ပျိုးရင်တော့ တစ်ဧကကို (၁၀)တင်းလောက်ထွက်တယ်၊ သိပ္ပံနည်းစနစ်နဲ့စိုက်ရင်တော့ တစ်ဧက ကို (၁၇)တင်းအထိထွက်ပါတယ်၊ အခုကတော့ ပေါင်းသင် ပေးတယ် ရွက်ဖျန်းမြေသြဇာတွေပေးနေပါတယ်၊ အခုစိုက်တာအောင်မြင်ရင်တော့ ဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမယ်၊ပြီးတော့ သိပ္ပံနည်းစနစ်တွေကိုလည်း သင်တန်းပေးဆောင်ရွက်သွားဖို့ရှိပါတယ် ”ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က ပြောပါတယ်။

 

အဆိုပါ ဆောင်းသီးနှံစားတော်ပဲကို ဒေသနှင့်ကိုက်ညီမှု ရှိ၊မရှိ သိပ္ပံနည်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းအဖြစ် (၅)ဧက စတင်စမ်းသပ်စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီမှု ရှိလျှင် ဒေသခံ တောင်သူများထံ ဆက်လက်ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)