ဟောင်ကောင်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စိတ်ဝင်စား

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

Brimming with opportunities” Prospects in Myanmar for HK Investors Webinar ကို ယနေ့မွန်းလွဲပိုင်းက Myanmar Hong Kong Chamber of Commerce and Industry က စီစဉ်ကျင်းပသည်။

 

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကြောင့် ယခုနှစ်ကျဆင်းနိုင်သော်လည်း ၂ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာလ မတိုင်မီကာလတွင် ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာ အချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာ ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အဉီ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်းနှင့် အဆိုပါ လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Memories Group ၏ CEO ဖြစ်သူ Mr. Cyrus Pun က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို Online  ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် MyCo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ အခွန်ငွေပေးဆောင်မှုကိုလည်း Online စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများအကြား လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP)များကို ရေးဆွဲလျက်ရှိရာ မကြာမီထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း စိန်ခေါ်မှုများ ရှိခဲ့သော်လည်း  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ဒသမ ၆၈၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ဒသမ ၁၆၉ ဘီလီယံ တိုးမြှင့်ရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)နှင့်အညီ  ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် မြန်မာနိုင်ငံ စီးပွားရေးလျင်မြန်စွာ ဉီးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP)ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ချိတ်ဆက်၍ ရေးဆွဲလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေကြသည့် ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။

 

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ စီးပွားရေးကိုယ်စားလှယ်များ၊ မီဒီယာများ စုစုပေါင်း လူဉီးရေ (၂၅၀) ကျော် တက်ရောက်ကြသည်။

 

သတင်းစဉ်

 

mdn