ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့ ချစ်သူတွေမဟုတ်ကြောင်း အေဂျင်စီ ငြင်းဆို

၁၉ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ရုပ်သံဇာတ် လမ်းတွဲတစ်ခုဖြစ်တဲ့ “Crash Landing on You” မှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားကြတဲ့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆန်းရယ်ဂျင် တို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ လတ်တလောမှာ ထပ်မံပေါ်ထွက်လာခဲ့ ပါတယ်။

 

ယခင်ကလည်း ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးသွားချိန်မှာလည်း နောက်ထပ် တစ်ကြိမ် ကောလာဟလတွေ ပေါ်ထွက်လာရာ အေဂျင်စီက အဆိုပါသတင်းတွေ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်တယ်လို့ အောကေပေါ့ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

 

ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့ဟာ “Crash Landing on You” မတိုင်မီ အတူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲမှာကတည်းက ချစ်သူတွေ ဖြစ်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အေဂျင်စီက သူတို့နှစ်ဦး ချစ်သူတွေမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ “Crash Landing on You” ရိုက်ကူးနေစဉ်မှာလည်း သတင်းတွေ ထွက်ခဲ့ပေမယ့် အေဂျင်စီက ငြင်းဆိုခဲ့ပါတယ်။ လတ်တလောမှာ အဆိုပါဇာတ်လမ်းတွဲ ထုတ်လွှင့်မှုပြီးချိန်မှာလည်း သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထပ်မံပေါ်ထွက်ခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း အေဂျင်စီ ငြင်းဆိုခဲ့ပါတယ်။

 

Crash Landing on You” ရိုက်ကွင်းပေါ်မှာ ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့နှစ်ဦး ရင်းနှီး တဲ့ဟန်တွေ့မြင်ရတဲ့ ဓာတ်ပုံတွေ လတ်တလောမှာ အွန်လိုင်းမီဒီယာတွေပေါ်မှာ ပေါ်ထွက်ခဲ့ပြီး ကြယ်ပွင့်နှစ်ဦး အပြင်မှာလည်း ချစ်သူတွေ ဖြစ်နေကြောင်း သတင်းတွေ ထပ်မံပေါ်ထွက် လာခဲ့ပါတယ်။ ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့ မြောက်ကိုရီးယားဟိုတယ်တစ်ခုမှာ အတူညစာ စားခဲ့တဲ့အခန်းမှာ ကင်မရာက သူတို့နှစ်ဦးအရှေ့က အစားအစာတွေကို ချိန်ကာရိုက်ကူးခဲ့ပါတယ်။ ဒီလိုရိုက်ကူးစဉ်မှာ ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့ ( စားပွဲခုံအောက်မှာ တစ်ဦးလက်ကို တစ်ဦးက ကိုင်ထားခဲ့ကြတာကို တွေ့မြင်ခဲ့ရတာကြောင့် ယခုလို ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထပ်မံပေါ်ထွက်လာတာ ဖြစ်ပါတယ်။

 

အဆိုပါသတင်းအပေါ် ဟွန်ဘင်းရဲ့ အေဂျင်စီက ဆန်းရယ်ဂျင်ဟာ သူ့ရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားတာသာဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦး ချစ်သူတွေမဟုတ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်