ဟံသာဝတီအသင်း ဂိုးပြတ်အနိုင်ပွဲရပြီး ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

၂၃ မတ်

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဟံသာဝတီနှင့် စစ်ကိုင်းအသင်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်MNL ပွဲအားလုံးကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ ကွင်းပိတ်ကစားနေခြင်းဖြစ်သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ဇွဲကပင်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် နိုင်ပွဲဆက်ခဲ့သော်လည်း ဇွဲကပင်အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ဇွဲကပင်အသင်းသည် နှစ်ဂိုးအရှုံးကို နှစ်ဂိုးပြန်သွင်းကာ သရေပြန်ကစားနိုင်သော်လည်း ဂိုးများပြန်လည်ခွင့်ပြုခဲ့ရသောေကြာင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ထိပ်ဆုံးတွင်ဆက်ရှိနေပြီး ရာသီဝက်ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားသည်။

 

ဟံသာဝတီအသင်းသည် နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ဒိုနယ်၊ အီမီကာ၊ လားဒင်မောရ၊ သန့်ဇင်ဝင်း၊ ရွှေလှိုင်ဝင်း၊ ဟိန်းထက်အောင်တို့ဖြင့် ပွဲထွက်ခဲ့သလို ဇွဲကပင်အသင်းကလည်းယာစင်၊ အီမာဆင်၊ ဝက်စ်၊ မင်းဇော်စိုးတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ဟံသာဝတီအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ပိုရခဲ့သည်။ ၁၄ မိနစ်တွင် ဟံသာဝတီအသင်း အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မှူးဒိုနယ်က ပယ်နယ်တီမှတစ်ဆင့်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ပိုဖိကစားနိုင်ခဲ့သော်လည်း ကွင်းလယ်ကစားပုံလိုအပ်ချက်များေနသောကြောင့် ဇွဲကပင်အသင်းကို ထင်သလောက် ဖိအားပေးနိုင်ခြင်းမရှိခဲ့ပေ။ ၃၇ မိနစ်တွင် ဟံသာဝတီအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ဒိုနယ်ကပင် သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် ဇွဲကပင်အသင်း၏ မထင်မှတ်သည့်ရုန်းကန်မှုများကို တွေ့မြင့်ခဲ့ရပြီး ချေပဂိုးများဆက်တိုက်ရခဲ့သည်။ ဟံသာဝတီအသင်း၏ ခံစစ်အမှားကို အသုံးချကာ ၅၃ မိနစ်တွင်မင်းဇော်စိုးနှင့် ၅၄ မိနစ်တွင် အီမာဆင်တို့က ချေပဂိုးများ သွင်းယူခဲ့သည်။ မထင်မှတ်ဘဲ သရေကျသွားသောကြောင့် ဟံသာဝတီအသင်း ပြန်လည်ရုန်းကန်ခဲ့ပြီး ၆၆ မိနစ်တွင် ဒိုနယ်သွင်းယူသည့်ဂိုးမှာ ဟံသာဝတီအသင်းအတွက် အရေးပါသည့်ဂိုးဖြစ်ခဲ့သလို ၎င်းအတွက်လည်း ဟက်ထရစ်ဖြစ်စေခဲ့သည်။ မိနစ် ၇၀ တွင် ဟံသာဝတီအသင်း ဒုတိယအကြိမ် ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အီမီကာက သွင်းယူခဲ့သောကြောင့် ဟံသာဝတီအသင်းက စတုတ္ထဂိုးရကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ချင်းယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် ပွဲစဉ် (၉) တွင် ရှုံးပွဲကြုံတွေ့ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့သည်။ စစ်ကိုင်းအသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ချင်းယူနိုက်တက်အသင်းမှာမူ ရှုံးပွဲထပ်မံကြုံတွေ့ကာ တန်းဆင်းဇုန်ထဲမှ ရုန်းထွက်နိုင်ခြင်းမရှိသေးပေး။ ၃၂ မိနစ်တွင် ကောင်းထက်ကျော်က စစ်ကိုင်းအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ၃၆ မိနစ်တွင် ဆင်မြူရယ်က ချင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ စစ်ကိုင်းအသင်းသည် ဂိုးပြန်ပေးလိုက်ရသော်လည်း ကစားကွက်ပြန်မသွားဘဲ ပထမပိုင်းမပြီးခင်မှာ ပင်ဂိုးများ ပြန်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၄၁ မိနစ်တွင် ပက်ထရစ်က သွင်းယူပြီး ၄၄ မိနစ်တွင် ချင်းနောက်ခံလူ ဒီဇွန် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။

 

ဒုတိယနေ့ကို မတ် ၂၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်