ဟံသာဝတီအသင်း ခုနစ်ပွဲဆက်နိုင်ပြီး ဧရာဝတီနှင့် ရတနာပုံသရေကျ

၂၃  ဖေဖော်ဝါရီ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဟံသာဝတီအသင်း ခုနစ်ပွဲဆက်အနိုင်ရပြီး ဧရာဝတီနှင့် ရတနာပုံအသင်း သရေကျခဲ့သည်။

ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ပိုင်းမှ အသင်းများအားလုံး နိုင်ပွဲပျောက်ဆုံးမှုကို ဟံသာဝတီအသင်း အသုံးချနိုင်ခဲ့ပြီး ရာနူန်းပြည့်နိုင်ပွဲနှင့်အတူ ဇယားထိပ်ဆုံးတွင် လေးမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ခုနစ်ပွဲဆက် အနိုင်ရခဲ့သော်လည်း စစ်ကိုင်းအသင်း၏ တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပြီး နောက်ကျဂိုးကြောင့် အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီအသင်းသည် ပုံစံကောင်းရနေသည့် လူအခင်းအကျင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး စစ်ကိုင်းအသင်းတွင် ဒဏ်ရာနှင့် ပွဲပယ်ကစားသမားများရှိနေသော်လည်း နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် အမာခံကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး စစ်ကိုင်းအသင်းသည် ဒိုနယ်နှင့် အီမီကာတိုက်စစ်အတွဲကို အဓိကထိန်းချုပ်ခဲ့သောကြောင့် ဟံသာဝတီအသင်း တိုက်စစ်ရုန်းကန်ခဲ့ရသည်။ သို့သော် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များအပြန်အလှန်ရခဲ့ပြီး တိုင်ထိ၊ ဘားထိထွက်သည့်အပြင် အဆုံးသတ်အားနည်းမှုကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက တိုက်စစ်ပိုမြင့်လာပြီး ကစားသမားများအပြောင်းအလဲပြုလုပ်ကာ ကစားအားမြင့်ခဲ့သည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ဂိုးရရန် ကြိုးပမ်းသော်လည်း စစ်ကိုင်းအသင်း ခံစစ်အမှားမရှိသောကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးတွင် လူစားဝင်ကစားသမား အောင်မျိုးသူရ၏ သွင်းဂိုးဖြင့် အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းနှင့် ဟံသာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဧရာဝတီအသင်းသည် ရန်ကုန်အသင်း၏ သရေပွဲကို အခွင့်အရေးမယူနိုင်ဘဲ သရေရလဒ်ကြောင့် ထိပ်ဆုံးမှ ဟံသာဝတီအသင်းနှင့် လေးမှတ်အထိ ကွာဟသွားခဲ့သည်။ ရှုံးပွဲဆက်နေသည့် ရတနာပုံအသင်းသည် အဝေးကွင်း၌ ရုန်းကန်ခဲ့ပြီး နောက်ကျချေပဂိုးကြောင့် ရှုံးပွဲမဆက်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးကို ၇၃ မိနစ်တွင် စိုးမိုးကျော်က သွင်းယူပြီး ရတနာပုံအသင်းအတွက် ချေပဂိုးကို ၉၀ မိနစ်တွင် အောင်သူက သွင်းယူခဲ့သည်။

ပွဲစဉ် (၇) အပြီးတွင်  ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၇ မှတ်စီ၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ ရတနာပုံ၊ မကွေးနှင့် အား/ကာသိပ္ပံအသင်းတို့က ခြောက်မှတ်စီ၊ ချင်းယူနိုက်တက်အသင်းက လေးမှတ်၊ Southern အသင်းက သုံးမှတ်နှင့် ဇွဲကပင်အသင်းက နှစ်မှတ်ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ