ဈေးကွက်အတွင်း ဝယ်လက်ပျောက်နေသည့် ရက် ၉၀ ဆန်များကို တစ်အိတ်လျှင် အခြေခံဈေးနှုန်း ၁၉၅၀ဝ ကျပ်ဖြင့် သတ်မှတ်ဝယ်ယူသွားမည်

ရန်ကုန် ၂ ဧပြီ


ဈေးကွက်အတွင်း ဝယ်လက်ပျောက်နေသည့် ရက် ၉၀ ဆန်များကို တစ်အိတ်လျှင် အခြေခံဈေးနှုန်း ၁၉၅၀ဝ ကျပ်ဖြင့် သတ်မှတ်ဝယ်ယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးကုန်သည်များ အသင်းထံမှ သိရသည်။

 

အဆိုပါ ဈေးကွက်အတွင်း ဝယ်လက်ပျောက်နေသည့် ရက် ၉၀ ဆန်သား အစိုဓာတ် ၁၄ ဒသမ ၅ ပါဝင်သည့် ဆန်များကို တစ်အိတ်လျှင် အခြေခံဈေးနှုန်း ၁၉၅၀ဝ ကျပ်ဖြင့် ယခုလ ၈ ရက်နေ့မှစ၍ လာမည့် ဇွန်လအထိ မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း၏ ရန်ပုံငွေ အပါအဝင် အသင်းသားများ၏ ထည့်ဝင်ငွေများဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း ဥက္ကဌ ဦးအောင်သန်းဦး က ပြောသည်။


“ဈေးကွက်ထဲမှာဝယ်လက် ပျောက်နေတဲ့ ရက်၉၀ဆန်ကို လာမယ့်အပတ် တနင်္လာကစပြီး အခြေခံအနိမ့်ဆုံးဈေးကို  ၁၉၅၀ဝ ကျပ်နဲ့ ဝယ်ယူပေးသွားမယ်၊ အခု ကျွန်တော်တို့က ဒီ ၁၉၅၀ဝ ကျပ်ကို  အခြေခံဈေး ဝယ်ပေးတာ ဖြစ်တဲ့အတွက် နောင်ဝယ်မယ့်သူတွေက အခုတော်တော်များများက ဈေးကွက်ကို ဒီထက် ကျအုန်းမယ်ဆိုပြီး နဂိုဆန်ဝယ်နေတဲ့ ဝယ်လက်တွေက ကျဖို့စောင့်နေတယ်၊ မဝယ်ရဲဘူး၊ သူတို့ဝယ်လိုက်လို့ရှိရင်လည်း ဒီထက်ပိုကျသွားရင် သူတို့ အနေနဲ့ဆုံးရှုံးမှာ၊ ဒါကြောင့် ဒီထက်ပို မကျနိုင်တော့ဘူးဆိုတဲ့ မက်ဆေ့ကို ကျွန်တော်တို့ကပေးချင်တာ၊ ကျွန်တော်တို့က အကုန်လုံးကိုဝယ်မှာ မဟုတ်ပါဘူး၊ ၁၉၅၀ဝ ကျပ်နဲ့ သူ့ဟာသူ ပုံမှန်ဝယ်နေတဲ့သူတွေလည်း ဝယ်၊ ဒီထဲက ဝယ်သူ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့က ဒီဈေးနဲ့ဝယ်ပေးမှာ၊ ဈေးကွက်ကြီးတစ်ခုလုံးကို လိုက်ပြီး ထိန်းချုပ်ဝယ်ယူဖို့ မဟုတ်ဘူး၊ ကျန်တဲ့သူက ၁၉၅၀ဝ ကျပ် မဟုတ်ဘူး နှစ်သောင်းနဲ့ဝယ် နှစ်သောင်းတစ်ထောင်နဲ့ဝယ်၊ သူရဲ့အရည်အသွေး အလိုက်ကို ဝယ်လို့ရပါတယ်၊ အခုလိုမျိုး မက်ဆေ့ပေးလိုက်တဲ့အတွက် နဂိုက မဝယ်တဲ့သူတွေကလည်း ၁၉၅၀ဝ ကျပ်တော့ အသင်းကပြောလိုက်ပြီဆိုရင် ဒီထက်လည်း ကျစရာမရှိတော့ဘူးဆိုရင် ဈေးကွက်ထဲ ဝယ်လိုအားတက်လာမယ်၊ ရဲရဲကြီး သူတို့လည်းဝယ်နိုင်မယ်၊ နဂိုဆန်လှောင်လက်တွေရှိတယ်၊ ဝယ်လက်တွေရှိတဲ့ သူတွေကလည်း ဝယ်ရဲသွားမယ်”ဟု ဦးအောင်သန်းဦး က ပြောသည်။


လက်ရှိ ရက် ၉၀ ဆန်လုံးရှည်များကို ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စိုက်ပျိုးလျက်ရှိပြီး ဧရာဝတီတိုင်းဘက်မှ ရက် ၉၀ ဆန်များ ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ထံမှ သိရသည်။


အဆိုပါ ရက် ၉၀ ဆန်လုံးရှည်များကို တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU) နိုင်ငံများသို့ တင်ပို့လျက်ရှိရာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်၌  တရားမဝင်ကုန်စည်ဖမ်းဆီးရေး စီမံချက်များ လုပ်ဆောင်နေသောကြောင့် တရုတ်ကုန်သည်များ ဆန်အဝယ်ရပ်တန့်နေကြောင်း၊ ထို့ပြင် EU အနေဖြင့်လည်း ၎င်းအဖွဲ့ဝင်နိုင်ငံများမှ ဆန်စိုက်ပျိုးထုတ်လုပ်သူများ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရန်အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်သွင်းသော ဆန်လုံးရှည် အမျိုးအစားကို ဇန်နဝါရီ ၁၈ ရက်မှစ၍ သုံးနှစ်အခွန်ကောက်ခံရန် ဥရောပသမဂက ဆုံးဖြတ်ခဲ့ပြီး ပထမနှစ်တွင် ဆန်တစ်တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် ၁၅၀ ယူရို ၊ တတိယနှစ်တွင် ၁၂၅ ယူရိုဖြင့် နှစ်အလိုက် အသီးသီး ကောက်ခံခဲ့သဖြင့် တင်ပို့မှုနည်းကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။


“အဓိကကတော့ အီးယူရဲ့ အခွန်တိုးကောက်လိုက်တဲ့အပေါ်မှာ အဲဒီအခွန်ကို ကာဗာဖြစ်အောင် ဈေးချလိုက်ရတယ်၊ ဈေးချလိုက်ရတဲ့အတွက် ဝယ်လက်ကလည်း ဒီဟာဆိုရင် အကျိုးအမြတ်နည်းတယ်၊ ဒါကြောင့်မလို့ သူက အခွန်တိုးကောက်လိုက်တဲ့အတွက် ဒီမှာ အဝယ်နည်းသွားတယ်၊ မနှစ်ကဆိုရင် တရုတ်နယ်စပ်ကလည်း ရက် ၉၀ ကို အများကြီး ဝယ်တယ်၊ ရက်၉၀ရောက်တာနဲ့ကုန်တယ်၊ ဒီနှစ်ကတော့ တရုတ်နယ်စပ်ကလည်း ထွက်လို့မရတဲ့အတွက် သိပ်မရောင်းရဘူး”ဟု ဦးအောင်သန်းဦး က ဆိုသည်။


သို့ဖြစ်၍ အစိုးရအနေဖြင့် ဆန်ဈေးနှုန်းကျဆင်း လာသည့်အပေါ် အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူနိုင်ရေး ဆန်လုပ်ငန်းရှင်များအား ပိုက်ဆံထုတ်ချေးရေး အစီအမံများကိုလည်း တင်ပြထားကြောင်း မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း ဥက္ကဌ ဦးအောင်သန်းဦး က ပြောသည်။


“နိုင်ငံတော်ကိုလည်း အကြိမ်ကြိမ် အခြေခံဈေး သတ်မှတ်တဲ့အခါမှာ အစိုးရအနေနဲ့ ဈေးသိပ်ကျတဲ့အခါမှာ ထွက်ပြီး ပိုက်ဆံထုတ်ပြီး ရက်တိုချေးငွေ၊ ဘဏ်တွေနဲ့ သက်ဆိုင်ရာဆန်လုပ်ငန်းရှင်တွေကို ချေးငွေပေးပြီးဝယ်ဖို့ဆိုတဲ့ အစီအမံ တွေလည်း တင်ပြပါတယ်၊ သို့သော် နိုင်ငံတော်က လုပ်ရမယ့်အချိန်ကို စောင့်နေရင် လက်ရှိက ဆန်တွေပေါ်နေပြီ၊ ဈေးကွက်ထဲမှာပစ္စည်းတွေလည်း လှိုင်လှိုင်ဝင်နေပြီ၊ ဝယ်သူမရှိဘူးဆိုရင် ဒီဈေးကွက်က ကျသင့်တာထက်ပိုကျသွားမယ်၊ ကျသင့်တာထက်ပိုကျရင် နိုင်ငံခြားဝယ်လက်တွေကလည်း နှိမ်သထက်နှိမ်ဝယ်တာလေ၊ ဝယ်တဲ့အတွက် ဈေးကွက်က ကမောက်ကမကိုဖြစ်နေတယ်၊ အချို့ဆိုရင် သူများနိုင်ငံထက် ကိုယ့်နိုင်ငံကဈေးတွေက တစ်တန်ကို ဒေါ်လာ ၄၀/၅၀/ ၆၀/၇၀ နှိမ်ပြီးဝယ်တဲ့အခါမှာ နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း နစ်နာတယ်၊ ဒါကြောင့်မလို့ ဆန်စပါးကုန်သည်အသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ဒါမျိုးမဖြစ်အောင် ဝိုင်းကူတဲ့သဘောပါ၊ နိုင်ငံခြားဝယ်လက်တွေလည်း အခုရှာနေပါတယ်”ဟု ဦးအောင်သန်းဦးက ပြောသည်။


အဆိုပါ ရက် ၉၀ ဆန်ကို တစ်အိတ်လျှင် အခြေခံဈေးနှုန်း ၁၉၅၀ဝ ကျပ်ဖြင့် သတ်မှတ်ဝယ်ယူပေးသွားမည်ဖြစ်သောကြောင့် တောင်သူများအတွက် မရှုံးသော်လည်း အကျိုးမြတ်အားဖြင့် မနှစ်ကထက် လျော့နည်းကြောင်း၊ ထို့ပြင် တောင်သူများ အစိုက်များသည့် ရက် ၉၀ ဆန်ကို အသင်းအနေဖြင့် အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူပေးသောကြောင့် လာမည့်နှစ်အတွက် တောင်သူများ အဆိုပါ ရက် ၉၀ ဆန်ကို ဆက်လက်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင် က ပြောသည်။


“ကျွန်တော်တို့က ရက် ၉၀ ကို တောင်သူတွေစိုက်ဖို့အတွက် နည်းပညာတွေလုပ်ပေးပြီးတော့ လက်ရှိမှာ အဲလို ရက် ၉၀ က ထွက်ပေါက်မရှိတဲ့အခါမှာ ဒီလိုအခြေနေမျိုးမှာ ဒီကနေပြီးတော့ အသင်း ဥက္ကဌတွေကနေ ခေါ်ယူပြီးတော့ ဝယ်ယူပေးတဲ့အတွက် ဘာပဲပြောပြော လာမယ့်နှစ်ကိုလည်း ဒီမျိုးတွေကို တောင်သူတွေက စိုက်နိုင်မှာပေါ့၊ တကယ်လို့သာ ဒီလိုသာ ဈေးကွက်ကို မဖော်ဆောင်နိုင်ဘူးဆိုရင်တော့ လာမယ့်နှစ်ကို ဘယ်လိုစပါးမျိုးတွေ စိုက်ရမယ်ဆိုတာ တောင်သူတွေအတွက် ဝေဝါးစရာတွေ ဖြစ်ကုန်မှာ”ဟု ဦးဇော်ခိုင် က ပြောသည်။


လက်ရှိ ရက် ၉၀ ဆန်သည် ပြီးခဲ့သည့်နှစ်က တစ်အိတ်လျှင် ကျပ် ၂၆၀ဝ၀ ခန့် ရှိခဲ့ပြီး ယခုနှစ်တွင် ဈေးကွက်အတွင်း ပြည်တွင်း ပြည်ပ ဝယ်ယူမှုကျဆင်းနေသောကြောင့် ရက် ၉၀ ဆန်တစ်အိတ်လျှင် ၁၉၀ဝ၀ အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 


ငြိမ်းငြိမ်း(GNLM)