ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း ချန်ပီယံဆုအတွက် အဆုံးအဖြတ်ကာလတွင် ခြေချော်

စက်တင်ဘာ ၂၆

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း ချန်ပီယံဆုအတွက် အဆုံးအဖြတ်ကာလတွင် ခြေချော်သွားခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက ဟံသာဝတီအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဟံသာဝတီအသင်းသည် ယခုပွဲအနိုင်ရပါက ချန်ပီယံဆုမျှော်လင့်ချက်အတွက် အလားအလာကောင်းသွားမည် ဖြစ်သော်လည်း မထင်မှတ်သည့်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရကာ အခွင့်အရေးနည်းသွားခဲ့သည်။ ဟံသာဝတီအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် စက်တင်ဘာ ၂၇ ရက် ကစားမည့်ပွဲတွင် ဧရာဝတီနှင့် ရှမ်းယူနိုက်တက်တို့ နိုင်ပွဲရပါက ထိပ်ဆုံးနေရာမှ ဖယ်ပေးရတော့မည်ဖြစ်သည်။ မကွေးအသင်းသည် တန်ပြန်တိုက်စစ်ကစားပုံ ကောင်းမွန်ခဲ့၍ အနိုင်ရခြင်းဖြစ်သလို ဟံသာဝတီအသင်း၏ ခံစစ်အမှားများမှုကို အသုံးချနိုင်ခဲ့၍ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီအသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သလို ပထမပိုင်းတွင် ခြေစွမ်းအသာဖြင့် ဦးဆောင်ဂိုးပါ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ခံစစ်ပိုင်းအားနည်းမှုနှင့် မကွေးအသင်း တန်ပြန်တိုက်စစ်များကို မထိန်းနိုင်သောကြောင့် ဂိုးများဆက်တိုက်ပေးရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ပထမပိုင်းတွင် ခြေအသာဖြင့် တောက်လျှောက်ကစားနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းခဲ့၍ တစ်ဂိုးသာရခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ပွဲစကတည်းက ခံစစ်ဦးစားပေးကစားခဲ့သောကြောင့် ဟံသာဝတီအသင်း ဖိကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၂ မိနစ်တွင် အောင်လှိုင်ဝင်းက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မကွေးအသင်း၏ တန်ပြန်တိုက်စစ်များ ထိရောက်မှုကို တွေ့မြင်ခဲ့ရပြီး ဟံသာဝတီခံစစ် အာရုံစူးစိုက်မှုလျော့နည်းခဲ့၍ မိနစ် ၅၀ တွင် အောင်မြင့်ထွန်းက ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးရပြီးနောက်ပိုင်းတွင် မကွေးကစားပုံပိုကောင်းလာပြီး ၆၁ မိနစ်တွင် အောင်မြင့်ထွန်းက မကွေးအတွက် ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ဟံသာဝတီအသင်းသည် ချေပဂိုးရရန် တိုက်စစ်မြင့်လာသော်လည်း မကွေးခံစစ်ကို မကျော်နိုင်ဘဲ ၇၈ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရရှိခဲ့သည်။ ယင်းပယ်နယ်တီကို ဒိုနယ်က သွင်းယူခဲ့၍ ဟံသာဝတီအသင်း ချေပဂိုးပြန်ရခဲ့သော်လည်း အနိုင်ဂိုးရရန် မစွမ်းဆောင်နိုင်ဘဲ ဂိုးသမားနှင့် ခံစစ်အားနည်းမှုများကြောင့် မကွေးအသင်း၏ သွင်းဂိုးများကို ခွင့်ပြုခဲ့ရသည်။ မကွေးအသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၈၀ တွင် စိုးလွင်လွင်နှင့် ၈၉ မိနစ်တွင် နိုင်နိုင်ကျော်တို့က သွင်းယူခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းနှင့် ရတနာပုံအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ နှစ်သင်းစလုံး အနိုင်ရလဒ်အတွက် ကြိုးပမ်းခဲ့ပြီး နှစ်ကျော့စလုံး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ၅၈ မိနစ်တွင် အောင်ဝဏ္ဏစိုးက ရတနာပုံအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း စစ်ကိုင်းအတွက် ချေပဂိုးကို ၆၅ မိနစ်တွင် ပျော်ဒူအောင်က သွင်းယူခဲ့သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၂၇ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်း၊ YUSC ကွင်း၌ Southern အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ အားကာသိပ္ပံအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်