ကာကွယ်ဆေးထောက်ပံ့မှုအပေါ် သတိပေးမှုအသစ်များကြောင့် အီးယူ စိုးရိမ်လျက်ရှိ

ဘရပ်ဆဲလ် ၂၅ ဇန်နဝါရီ

ဥရောပသို့တင်ပို့မည့် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးမှုမှာ နည်းပါးသွားမည်ဟု အက်စ်ထရာ ဇနီကာက သတိပေးခဲ့သည့်အတွက် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများတွင် အဟန့်အတားဖြစ်လာမည်ကို စိုးရိမ်ကြလျက်ရှိသည်။

ထို့ပြင် အချို့နိုင်ငံများသို့ ကာကွယ်ဆေးပေးပို့မှု သိသိသာသာလျော့ကျသွားရန်လည်း ဖိအားများ ဖြစ်ပေါ်လျက်ရှိသည်။ ဖိုက်ဇာကုမ္ပဏီကလည်း ကာကွယ်ဆေးတင်ပို့မှုကို တစ်လနီးပါး နှောင့်နှေးနိုင်သည်ဟု သတိပေးထားသည်။

ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုအတွက် စိုးရိမ်မှုများမြင့်တက် နေချိန်တွင် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများမှ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗီဇပြောင်း ကိုဗစ်-၁၉ မှာ ဗြိတိန်နိုင်ငံတွင် ကူးစက်မှုများပြားနေပြီး မူရင်းမျိုးစိတ်ထက်ပိုမို၍ ကူးစက်မှုလျင်မြန်သည်။ ဥရောပတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ သန်း နီးပါးရှိလာပြီး သေဆုံးသူ ၆၉၂၀၀၀ ကျော် ရှိသည်။

လက်ရှိအချိန်အထိ ဥရောပတွင် ဖိုက်ဇာ-ဘိုင်ရွန်တက်ခ်နှင့် အမေရိကန်ကုမ္ပဏီထုတ် မော်ဒါနာ ကာကွယ်ဆေးတို့ကိုလည်း အတည်ပြုပေးထားသည်။ အက်စ်ထရာဇနီကာမှ ကာကွယ်ဆေးကို အတည်မပြုရသေးသော်လည်း သုံးစွဲခွင့်ပြုမပြုကို ဇန်နဝါရီ ၂၉ ရက်တွင် ဆုံးဖြတ်သွားနိုင်ရန် မျှော်လင့်ထားသည်။

အီးယူမှ အက်စ်ထရာဇနီကာဆေးကို ထောက်ခံချက်ပေးခဲ့လျှင်ပင် ပထမဆုံးပေးပို့မည့် ကာကွယ်ဆေးပမာဏမှာ မျှော်မှန်းထားသည်ထက် နည်းပါးနိုင်သည်ဟု ကုမ္ပဏီဘက်မှ ပြောသည်။

အေအက်ဖ်ပီ