ကာမိုင်း၌ ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင် သေဆုံး

ကာမိုင်း   ၂၂    ဖေဖော်ဝါရီ        

ဖားကန့်မြို့နယ်၊ ကာမိုင်း-ဖားကန့်သွား ကားလမ်းမပေါ်၌  ယနေ့နံနက် ၇ နာရီခွဲအချိန်က (၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်၌ ကာမိုင်းဘက်မှ ယာဉ်မောင်းဦးမျိုးဇော် သည် ၁၂ ဘီးယာဉ်ပေါ်၌ ဆီပေပါများတင်ဆောင်၍ မောင်းနှင်လာစဉ် အဆိုပါယာဉ်နောက်မှလမ်းကြောင်းတူ ဦးလှကျော်ဝင်း(၅၀)နှစ်၊ ဇနီးဖြစ်သူ မဖော်ရယ်လုလိုက်ပါလာသော ဆိုင်ကယ်မှ ဝဲဘက်မှကျော်တက်ခဲ့သည်။

ယင်းသို့ ကျော်တက်စဉ် ဆိုင်ကယ်မှာ လမ်းဘေး၌ လမ်းခင်းရန်ပုံထားသော ကျောက်ပုံ(၂)ပုံပေါ်ဖြတ်သန်းမောင်းနှင်မိပြီး အရှိန်မထိန်းနိုင်ဘဲ ၎င်းယာဉ်၏ရှေ့သို့ရောက်ရှိကာတိုက်မိသဖြင့် ဇနီးဖြစ်သူမှာပွန်းပဲ့ဒဏ်ရာရရှိပြီး ဆိုင်ကယ်မောင်းနှင်သူ ဦးခေါင်းကြေမွ၍ အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းမျိုးဇော်နှင့် ဆိုင်ကယ်မောင်းနှင်သူလှကျော်ဝင်းတို့အား  ကာမိုင်းနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့်ပတ်သက်၍ ဥပဒေအရအရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဇွဲသူရအောင် (ပြန်/ဆက်)