ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားရှိသော ရက်(၉၀)စပါးမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ဆည်  ၆  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် စပါးစိုက်တောင်သူများအတွက် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော၊ စပါးမျိုးများနှင့်ပဲမျိုးများကို သုတေသနပြု စမ်းသပ်စိုက်ပျိုး ထားရှိရာ ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးထားရှိသော ရက်(၉၀)စပါးမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ကောက်စိုက်စက်ဖြင့် စပါးများ စိုက်ပျိုးမည်ဆိုပါက ကောက်ပင်များ စိုက်ပျိုးရာတွင်အမြစ်တွယ်စေရန် အတွက် ဦးစွာစိုက်ပျိုးမြေအား (၅)ရက်ခန့် ကြိုတင်ပြီး တမန်းငြိမ်ရန်နှင့် ညီညာစေရန်အတွက် ဆောင်ရွက် ထားရမည် ဖြစ်ကြောင်း၊ တစ်ဧက ကောက်ကွက်အရေအတွက်နှင့် ကောက်ပင်အနည်းအများကိုလည်း မိမိစိတ်ကြိုက် စိုက်ပျိုးနိုင်ကြောင်း၊ ထို့အပြင် အချိန်တိုအတွင်း စိုက်ပျိုးနိုင်သဖြင့် လုပ်သားရှားပါးမှုများ ဖြေရှင်းပေးနိုင်ကြောင်း၊ မြေအမျိုးအစားအလိုက် ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးနိုင်သဖြင့် ပင်ပွားနှုန်းကောင်းမွန်ကာ အထွက်နှုန်းများ တိုးပွားလာ၍ ဝင်ငွေတိုးတက်မှု အကျိုးကျေးဇူးများလည်း ရရှိကြောင်း သိသည်။

 

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးသုတေသနခြံတွင် တောင်သူများအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သော ဆည်ရေသောက်စပါးမျိုးများ၊ အပူဒဏ်ခံစပါးမျိုးများ၊ ရေအနည်းလိုစပါးမျိုးများ၊ အရည်အသွေးကောင်းစပါးမျိုးများ၊ ကုန်းတွင်းပိုင်းဆားပေါက်မြေများတွင် စိုက်ပျိုးနိုင်သည့် ဆားငံဒဏ်ခံနိုင်သော စပါးမျိုးများနှင့် စပ်စပါးမျိုးများကို နှစ်စဉ်သုတေသနပြု စမ်းသပ်စိုက်ပျိုးထားရှိကြောင်းနှင့် ဒေသ တောင်သူများ အလက်ရှိစိုက်ပျိုးနေသည့် စပါးမျိုးကောင်း၊ မျိုးသန့်များကိုပါ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)