ကျောက်ဆည်မြို့၌ မိုးစပါး(၃၆၁၅၃)ဧက စိုက်ပျိုးထားရှိမှုများ အောင်မြင်သည်အထိ ဆည်ရေများပေးဝေသွားမည်

ကျောက်ဆည် ၂၂   အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမိုးစပါးဧက(၃၆၁၅၃)ဧကစိုက်ပျိူးထားရှိမှုများအား မိုးစပါးများအောင်မြင်သည် အထိ စိုက်ပျိူးရေ ပေးဝေသောမြောင်းများအလိုက် ရေအလှည့်ကျ စနစ်ဖြင့် ဆည်ရေများပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးစပါးများစိုက်ပျိူးထားရှိမှု အောင်မြင်စေရေးဇော်ဂျီမြစ်မှ ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတော ရေလွှဲဆည်မှ ခွဲထွက်လာသော ရေပေးဝေရေးလုပ်ငန်းများဖြင့် ရေများပေးဝေလျက်ရှိပြီး စိုက်ပျိူးရေများ အလေအလွင့် နည်းပါးစေရေးအတွက် နိုင်ငံတော်မှ လုပ်အားခပေးစနစ်ဖြင့် မြောင်းများတူးပေးခဲ့ကြောင်း နှင့် ရေအသုံးချသူများ အဖွဲ့များဖွဲ့စည်းကာ စိုက်ပျိူးရေများ စနစ်တကျ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိူးရာတွင် ဇော်ဂျီမြစ်၊ ငပြောင်ရေလွှဲဆည်မှ ခွဲထွက်လာသောငပြောင်မြောင်း၊ မြောင်းမကြီးမြောင်း၊ အထက်လင်းဇင်းမြောင်းများဖြင့် စပါးစိုက်ဧက (၂၀၄၀၉) ဧက၊ သင်းတွဲရေလွှဲဆည်မှ ခွဲထွက်လာသော သင်းတွဲမြောင်းမကြီးဖြင့် စပါးစိုက်ဧက (၇၀၆၂)ဧက၊ မင်းရဲရေလွှဲဆည်မှ ခွဲထွက်လာသော မင်းရဲမြောင်းနှင့် တမုတ်မြောင်းများဖြင့် စပါးစိုက်ဧက (၇၈၆၆)ဧက ဇီးတောရေလွှဲဆည်မှ ခွဲထွက်လာသော ဇီးတောမြောင်းမကြီးဖြင့် စပါးစိုက်ဧက(၈၁၆)ဧက၊ စုစုပေါင်းမိုးစပါး စိုက်ဧက(၃၆၁၅၃)ဧက စိုက်ပျိူးထားရှိကြောင်း သိရှိရသည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)