ကျောက်ဆည်မြို့နယ်တွင် မြေဧက ၉၅၇၃ ဧက အကျိုးပြုနေသည့် တစ်မုဒ်မြောင်းအား ကျောက်စီမြေကာဆလန် ပြုလုပ်လျက်ရှိ

 

ကျောက်ဆည် ၅ ဇူလှိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမြေဧက ၉၅၇၃ ဧက အကျိုးပြုနေသည့် ရေပေးဝေလျက်ရှိသော တစ်မုဒ်စိုက်ပျိုးရေပေးမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေအလေအလွင့်ဆုံးရှုံးမှု မရှိစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ကျောက်စီမြေကာဆလန်များ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ တောင်သူစိုက်ပျိုးရေပေး တစ်မုဒ်မြောင်းသည် မင်းရဲဆည်မှ ခွဲထွက်လာသည့် မြောင်းတစ်ခုဖြစ်ပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ လက်ပန်ပင်ကျေးရွာ၊ မယ်ဇယ်ပင်ကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ပွတ္တိုင်ကျေးရွာ၊ သင်ပုတ်ကျေးရွာ၊ ငါးအိုးကျေးရွာ၊ အနောက်ရွာနန်းကျေးရွာ၊ ညောင်ရွှေကျေးရွာ၊ ညောင်ဝန်းကျေးရွာ၊ အနောက်ငယ်တိုးကျေးရွာ၊ ကြောင်ပန်းကုန်းကျေးရွာများရှိ တောင်သူများနှင့် စဉ့်ကိုင်မြို့နယ်အတွင်းမှ ကြက်လျှာကျေးရွာ၊ နန်းနီကျေးရွာ၊ အုန်းလက္ကောက်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် နေပူရွာကျေးရွာများရှိ တောင်သူစုစုပေါင်း၏ မြေဧက ၉၅၇၃ ဧကကို အကျိုးပြုနေသောမြောင်းဖြစ်ကြောင်း သိရှိရသည်။

 

ကျောက်စီမြေကာဆလန်များ ပြီးစီးပါက အဆိုပါရေမြောင်းသောက် တောင်သူများအနေဖြင့် စိုက်ပျိုးရေများ လုံလောက်ပြည့်စုံစွာ ရရှိမည်ဖြစ်သောကြောင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောက်(ခရိုင်၊ပြန်/ဆက်)