ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  နိုဝင်ဘာ  ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့ သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက် ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် ငှက်ပျောအများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပြီး မြေစိုကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငှက်ပျောစိုက် တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျော အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးဦးရာသီ၌ အများဆုံးစိုက်ပျိုးကြကြောင်း “မိုးဦးရာသီစိုက်တော့ မိုးရေနဲ့ မြေအစိုဓာတ် ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာအပင်သန်ပြီး ငယ်ရွယ်သည့် ငှက်ပျောစို့ အပင်ငယ်များ ရွေးပြီးစိုက်ပျိုးမှသာ ငှက်ပျောအဖီးများသည့် အခိုင်များထွက်ရှိမှာဖြစ်ကြောင်း အပင်အပြုအစု ကောင်းပါက စိုက်ပျိုးပြီး (၁၀)လအကြာတွင် ငှက်ပျောခိုင်များ စတင်ထွက်ရှိကြောင်း၊ အနောက်ငါးဆူကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးမောင်မောင်စိုးက   ပြောပြသည်။

 

တောင်သူများအနေဖြင့် ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းစိုက်ပျိုးခြင်းနှင့် နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးခြင်းဟူ၍  နှစ်မျိုးစိုက်ပျိုးကြကြောင်း (၂)ပင်တန်း(စွယ်စုံ)နည်းဖြင့် စိုက်ပျိုးမည်ဆိုက မြေတစ်ဧကတွင် အပင်ရေ(၈၀၀)ခန့် ဝင်ဆန့်ကြောင်း၊ ရောင်းချရာတွင် ငှက်ပျော(၆)ဖီးပါ ငှက်ပျောအခိုင်(၄၀)အား လှည်းတစ်စီးအဖြစ် သတ်မှတ်ပြီး အရောင်းအဝယ် ပြုလုပ်ကြရကြောင်း၊ ငှက်ပျောတစ်ဧကတွင် ငှက်ပျောကောင်းပါက လှည်း(၁၈)စီးအထိ ထွက်ရှိကြောင်းနှင့် ရောင်းဈေးအနေဖြင့် ငှက်ပျောအခိုင်လှပမှုနှင့် နယ်မြေဒေသအပေါ်မူတည်ကာ ငှက်ပျောလှည်းတစ်စီးအား ငွေကျပ်(၁၁၀၀၀၀)ကျပ်မှ ငွေကျပ် (၁၅၀၀၀၀)အထိ ဈေးအမျိုးမျိုး ရောင်းချရ ကြောင်း အရှေ့သာဂရကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးအောင်မြင့်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)