ကျောက်ဆည်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း ပန္နက်တင်ပွဲပြုလုပ်

ကျောက်ဆည် ၂၂ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင်သုသာန်ဟောင်းမြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် ယနေ့နံနက်ပိုင်းက ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့က အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် ယာဉ်ရပ်နားစခန်းဆောက်လုပ်မည့် မြေနေရာအား ဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက မင်္ဂလာပန္နက်တော်များ ရိုက်ပေးခဲ့ကြသည်။

ကားကြီးဝင်း(ယာဉ်ရပ်နားစခန်း)သည် ယခင်ကျောက်ဆည်မြို့၏ သုဿန်မြေနေရာဖြစ်ပြီး အကျယ်(၂၀.၅၆)ဧကပေါ်တွင် အပိုင်း(၂)ခွဲကာတည်ဆောက်မည်ဖြစ်သည်။ အပိုင်း(၁)မြေနေရာတွင် ကုန်တင်တွဲကားအစီး(၁၀ဝ)ရပ်နားနိုင်သည့်နေရာ၊ စားသောက်ခန်းများ၊ လူနေရုံးများ၊ ယာဉ်ပြင်အလုပ်ရုံးများ၊ အဝေးပြေး ယာဉ်များ ခေတ္တရပ်နားမည့်နေရာနှင့် တည်းခိုနားနေအဆောင်များ ပါဝင်ပြီး၊ အပိုင်း(၂)မြေနေရာပေါ်တွင် ဟိုတယ်များ၊ ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံနှင့် စက်သုံးဆီဆိုင်ခန်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ ကားကြီးကွင်းကို တိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ဖြင့် တင်ဒါအောင် ဆန်းမြတ်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ် ကြောင်းသိရှိရသည်။ ထိုသို့ဆောက်လုပ်ရာတွင် အပိုင်း(၁)ရင်းနှီးမြှပ်နှံမှုအား စည်ပင်သာယာရေးနှင့် တင်ဒါအောင်ကုမ္မဏီတို့မှ (၄၀)ရာခိုင်နှုန်း၊ (၆၀)ရာခိုင်နှုန်းဖြင့် (၁)နှစ်ကြာဆောက်လုပ်သွားမည်ဖြစ်ပြီး အပိုင်း(၂)အား(BOT)စနစ်ဖြင့်(၂)နှစ်၊ စုစုပေါင်း(၃)နှစ်ကြာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
    
သက်မောင်(ကျောက်ဆည်)