ကျောက်ဖြူမြို့နယ်၌ လယ်ယာ ကုန်ထုတ်လမ်း ဆောင်ရွက်ပေးနိုင်ရန် တင်ပြနိုင်ရေး ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်

စစ်တွေ   ၂၈   နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ လယ်ယာကုန်ထုတ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး တင်ပြ တောင်းခံလာသော သဖန်းချောင်းကျေးရွာ ကုန်ထုတ်လမ်းအား လျာထားတင်ပြနိုင်ရေး  ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အထက် ဌာနအဆင့်ဆင့်သို့ တင်ပြတောင်းခံနိုင်ရေး မြေပြင်အခြေအနေကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သဖန်းချောင်းကျေးရွာတွင် အိမ်ခြေ (၁၀၈)အိမ်နှင့် လူဦးရေ (၅၄၀)ခန့် နေထိုင်ကြပြီး လယ် ဧက (၁၀၆)ဧကနှင့် အခြား ရာသီအလိုက် နှစ်တိုနှစ်ရှည် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြသည်။ မြို့နယ်ကျေးလက်ဦးစီးဌာနအနေဖြင့် လမန်ချောင်းကျေးရွာနှင့် မဲခင်းပြင်ကျေးရွာတို့တွင် ကုန်ထုတ်လမ်းနှစ်လမ်းအရှည် (၁/၂.၂)မိုင်နှင့်  တံတားတစ်စင်း၊ ရေပြွန်ငါးစင်းတို့အား ပြည်ထောင်စု ရန်ပုံငွေဖြင့်  ဆောင်ရွက်ပေးခဲ့ရာ ပတ်ဝန်းကျင်ကျေးရွာ လေးရွာမှဒေသခံ ပြည်သူများသည်  မိမိတို့၏ဒေသထွက်ကုန်၊ စိုက်ပျိုးသီးနှံများနှင့် ရေထွက်ပစ္စည်းများကို   ကုန်ကျစရိတ်သက်သာစွာဖြင့်  အဆင်ပြေ ချောမွေ့စွာ ဈေးကွက်အရောက် ပို့ဆောင်နိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားရနေကြပြီ ဖြစ်ကြောင်း သိရသည်။

ကံထွန်း(ဟံတာမြေ)