ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းစည်းဝေး

ကျောက်ပန်းတောင်း  ၁၀ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးမြင့်ဆွေအေးက လာမည့်ရွေးကောက်ပွဲကာလတွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ရပ်မိရပ်ဖများနှင့် ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများ လက်တွဲညီညီဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် ကော်မရှင်အဖွဲ့ဝင် အုပ်စုအလိုက်ခွဲ၍  မြို့နယ်ခွဲများ သတ်မှတ်တာဝန်ပေးသွားရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝမ်းတင်(ဦးစီးအရာရှိ)က ကျေးရွာအုပ်စုအလိုက် နယ်မြေခွဲများ သတ်မှတ်ထားရှိမှု အခြေအနေနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ ပူးပေါင်းတာဝန်ယူရမည့် နယ်မြေခွဲများ သတ်မှတ်ထားရှိမှုနှင့် မဲစာရင်းများကြေညာနိုင်ရေးတို့ကို ရှင်းလင်းတင်ပြ သည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်းနယ်မြေခွဲ၊ လက်ပံပျားနယ်မြေခွဲ၊ ပုပ္ပားနယ်မြေခွဲနှင့် ပွေးကျစ် နယ်မြေခွဲဟူ၍ နယ်မြေခွဲ(၄)ခု သတ်မှတ်ထားရှိပြီး အဆိုပါနယ်မြေခွဲ(၄)ခုတွင် မဲရုံပေါင်း(၃၈၀)ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)