ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေသားမိုးရေကန်များ ရေဝင်ကောင်းသဖြင့်  ကျေးလက်နေပြည်သူများ မိုးလွန်ကာလအထိ သောက်သုံးရေအဆင်ပြေနိုင်

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၇

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၁၆)ရက် ည(၁၀)နာရီခန့်မှစ၍ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး၊ မြေသားမိုးရေကန်များတွင် ရေဝင်အားကောင်းသဖြင့် ကျေးလက်နေပြည်သူများအတွက် မိုးလွန်ကာလဖြစ်သည့် နွေရာသီအထိ သောက်သုံးရေ အဆင်ပြေနိုင်ကြောင်း သိရသည်။

           

ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ည (၁၀)နာရီခန့်မှ စတင်၍ (၂)နာရီကျော်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကန်များရေပြည်လျှံခဲ့ကြောင်း သိရပြီး၊ ရွာသွန်းခဲ့သည့် မိုးရေချိန်လက်မ(၃ ဒသမ ၃၇)လက်မ ဖြစ်ကြောင်း၊ မြို့ပေါ်အချို့ရပ်ကွက်များတွင် အိမ်များအထိ ရေဝင်ရောက်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

“ထိန်ကန်ဘက်က လာပြီး ဘူတာအုတ်ကန်ကို ဝင်တဲ့ရေက ကန်ရေပြည့်တာထက် ရေဝင်လမ်းမှာ  အမှိုက်သရိုက်တွေ ပိတ်ဆို့ နေကြတော့ ရေက ရပ်ကွက်ထဲကို ပြန်လျှံတက်လာပြီး အိမ်တွေထဲအထိ ဝင်ရောက်ကုန်ကြတာပေါ့။ ဘူတာအုတ်ကန်ကတော့ ရေကျော်ကျဖို့ကို ၁ ပေလောက်လိုသေးတယ်။ ရပ်ကွက်ထဲ ပြန်မဝင်ရင်တော့ ရေကျော်ကျမှာပေါ့။ နောက်ပြီး ရေဆိုးမြောင်းတွေကလည်း အမှိုက်သရိုက်တွ၊ သစ်ပင်တွေနဲ့ပိတ် ဆို့နေတော့ ရေစီးအားမကောင်းနိုင်ဘူးလေ။ ဒီတော့ မြောင်းတွေ က လျှံတဲ့ရေတွေကလည်း ဘေးအိမ်တွေကို အကုန်ဝင်တာပေါ့” ဟု အောင်မင်္ဂလာရပ်ကွက်နေသူ တစ်ဦးကပြောပါသည်။

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် ကျေးလက်တောရွာများရှိ သောက်သုံးရေကန်များတွင်လည်း ရေဝင်ရောက်မှုကောင်းသဖြင့် မိုးလွန်ကာလများဖြစ်သည့် ဆောင်းရာသီနှင့် နွေရာသီကာလများအထိ သောက်သုံးရေလုံလောက်စွာ သုံးစွဲနိုင်ကြမည် ဖြစ်ကြောင်းလည်းသိရသည်။

 

နေအောင်(ပြန်/ဆက်)