ကျောက်ပန်းတောင်းမြို့တွင် ကြက်သွန်‌တစ်ပိသာ ငွေကျပ် ၃၀၀၀ကျော်အထိ ဈေးမြင့်တက်

ကျောက်ပန်းတောင်း ၁၈  နိုဝင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် ကြက်သွန်တစ်ပိသာဈေးနှုန်း ကျပ် ၃၀၀၀ အထိ မြင့်တက်လာကာ ကြက်သွန်စိုက်ပျိုးပြီး လှောင်ထားသူလက်ထဲ ကြက်သွန်များမရှိသလောက် ကုန်နေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ ချိုကြီး ကြက်သွန်ပွဲရုံ ဦးမြင့်ချို က ပြောကြားသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ပုပ္ပား မြောက်ဘက်ခြမ်း စိတ္ထိန်း၊ ကမ်းဖြူ ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့ တောင်ဘက်အစွန်ဆုံးရှိ ရေဆုံး ကျေးရွာအုပ်စုများသည် ဆောင်းကြက်သွန် အမြောက်အများစိုက်ပျိုးသည့် ကျေးရွာဖြစ်ကြကြောင်း ထွက်ရှိလာသည့် ကြက်သွန်များအား ကျောက်ပန်းတောင်းမြို့ ပေါ်ရှိပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနေမျိုးထွန်း က ပြောပြသည်။

 

ဆောင်းကြက်သွန်ဟုခေါ်ဆိုသော်လည်း နွေ၊ မိုး၊ ဆောင်း သုံးဥတုလုံးထားရသည့် ကြက်သွန်ဖြစ်ကြောင်း ဆောင်းကြက်သွန်စိုက်ပျိုးရန် ပျိုးထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်း လတို့တွင် ကြက်သွန်ပျိုးစေ့များ စတင်ပျိုးထောင်ရကြောင်း၊ ပျိုးထောင်ပြီး လေးဆယ့်ငါးရက်ရှိလျှင် ကြက်သွန်စိုက်ပျိုးမည့် ယာခင်း(စိုက်ခင်း)ထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း သိရကာ တပေါင်းလ၊ တန်ခူးလတို့တွင် ကြက်သွန်များအား နှုတ်သိမ်းကြကြောင်း သိရသည်။

 

ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းသည် အလွန်ကရိကထနိုင်ကာ ပျိုးထောင်ချိန်မှ နုတ်သိမ်းချိန်ထိ အချိန်ငါးလခွဲကြာမြင့်ကြောင်း နှုတ်သိမ်းပြီးချိန်တွင်လည်း ကြက်သွန်များ လှောင်စင်ပေါ်တွင်လှောင်ထားချိန် လေဝင်လေထွက်ကောင်းရန်၊ ကြက်သွန်ဥပုပ် မပုပ်ကိုလည်း အမြဲဂရုစိုက်ရကြောင်း ကြက်သွန်ဥပုပ်သည် အခြားကြက်သွန်ဥများကို အစိုဓာတ်ကူးစက်ကာ ကြက်သွန်လှောင်စင်ပေါ်ရှိ ကြက်သွန်များ ပျက်စီးနိုင်ခြင်းကြောင့် အမြဲဂရုစိုက်ရကြောင်းသိရကာ ကြက်သွန်ဈေး ကောင်းချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလအချိန်တွင် လှောင် ကြက်သွန်များထုတ်ရောင်းလေ့ရှိကြောင်း ချိုကြီး ကြက်သွန်ပွဲရုံပိုင်ရှင် ဦးမြင့်ချို မှ ရှင်းပြသည်။

 

ကြက်သွန်စိုက်တောင်သူများ ကြက်သွန်ကိုယ်တိုင်လှောင်ကြသော်လည်း အချိန်ကြာလာ သည်နှင့်အမျှ ကြက်သွန်များသည် ဥအခွံများတဖြည်းဖြည်းကွာလာကာ ကြက်သွန်များအစိုဓာတ် လျော့နည်းလာကာ ကြက်သွန်အချိန်လည်း လျော့ကျလာကြောင်း ကြက်သွန်ဈေးတက်ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် လှောင်ကြက်သွန်များ အချိန်အတော်လျော့ကျသွားပြီးဖြစ်ကြောင်း ကြက်သွန်စိုက်ပြီး ကိုယ်တိုင်လှောင်းသူ ဦးတင်ထွန်းအောင် မှ ရှင်းပြသည်။ ကြက်သွန်ဈေး နှုန်းကောင်းချိန်တွင်စိုက်ပျိုးပြီး ကိုယ်တိုင်လှောင်သူများလက်ထဲတွင် ကြက်သွန်မရှိကြတော့ဘဲ ကြက်သွန် ကုန်သည် ပွဲစားလက်ထဲအကုန်နီးပါးရောက်မှသာ ဈေးနှုန်းပိုမိုကြီးမြင့်သွားတတ်ကြောင်းနှင့် ကြက်သွန်စိုက်တောင်သူများ ကြက်သွန်ဈေးနှုန်းကြီးမြင့်မှုရှိသလောက် မခံစားရကြောင်း ဆပ် ပြာကျင်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဇော်ချင်းက ပြောပြကာ ကြက်သွန်ဈေးနှုန်း ၃၂၀၀ကျပ် ဈေးရှိသော်လည်း ကိုယ်တိုင်စိုက်ပျိုးသည့် ကြက်သွန်စိုက်တောင်သူများထံတွင် သိုလျောင်ထားသည့် ကြက်သွန်မရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း