ကျောက်ပန်းတောင်း၌ ဆောင်းကြက်သွန်ပြန်လည်စိုက်ပျိုးချိန်အထိ ကြက်သွန်ဈေးကျဆင်းလျက်ရှိ

ကျောက်ပန်းတောင်း   ၁   ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်စိုက်တောင်သူများ ဆောင်းကြက်သွန်နီစိုက်ပျိုးချိန်အထိ ဈေးနှုန်းကျဆင်းနေခြင်းကြောင့် တောင်သူများလက်ထဲမှ ကြက်သွန်များအား အချိန်မလွန်ခင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ချိုကြီးပွဲရုံပိုင်ရှင် ဦးမြင့်ချို၏ ပြောပြချက်အရ သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ဝန်းကျင်ဒေသရှိ ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်များကို အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကြက်သွန်စိုက်တောင်သူများကို အထိနာစေခဲ့ကြောင်း ကြက်သွန်စိုက် တောင်သူများက ပြောပြသည်။ ဆောင်းကြက်သွန် တစ်သီးစတင်စိုက်ပျိုးချိန်မှ ဂိုဒေါင်ရောက်သည်ထိ နှစ်ပတ်လည်ကြာမြင့်ကြောင်း၊ ကြက်သွန်ပျိုးထောင်ခြင်းများကို သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြပြီး ကြက်သွန်ပျိုးသက် ၄၅ ရက်တွင် စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြကာ ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ်မှာ ငွေကျပ် သိန်း ၂၀ ခန့် ကုန်ကျကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က ပြောပြသည်။     

         

ကျောက်ပန်းတောင်းမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ်တွင် ကြက်သွန်တစ်ပိဿာ ကျပ် ၃၅၀ မှ ကျပ် ၄၀၀ သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်စိုက်ပျိုးရန် အရင်းအနှီးအတွက် ခက်ခဲကြောင်း၊ ဆောင်းကြက်သွန်ပျိုးထောင်ပြီးချိန်အထိ ကြက်သွန်ဈေးကျဆင်းနေခြင်းကြောင့် အရှုံးများသည့်နှစ်ဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)