ကော့ကရိတ်မြို့နယ်၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆)အုပ်စုအား စတင်ထိုးနှံပေး

ကော့ကရိတ် စက်တင်ဘာ ၁၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆)အုပ်စုအား  ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီက ဆေးထိုးစုရပ်များဖြစ်သည့် အမှတ် (၆)ရပ်ကွက် ဇိနသုခဓမ္မာရုံ၊ အမှတ် (၇)ရပ်ကွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အထက (ကျုံဒိုး)တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထို့သို့ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းဇော် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ဦးစားပေး ဦးတည်အုပ်စုများဖြစ်သည့် အသက် (၅၅)နှစ်နှင့် အထက် ပြည်သူများ၊ အစိုးရ / ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ / ပရဟိတဝန်ထမ်းများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့နွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခို ရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဥ်းသားများ၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးဝန်ထမ်းများ၊ စျေးသည်များ၊ မသန်မစွမ်းများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများ / ယာယီ စခန်းများနှင့် နာတာရှည်ရောဂါပိုးရှိသူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက ဦးစားပေး ထိုးသင့်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကြပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။

 

ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည် အုပ်စု (၁၆) အုပ်စုအား  စက်တင်ဘာ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်ပြန်ဆက်