ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် ရွှေဆွဲကြိုး လုယူမှုဖြစ်ပွား

ကျောက်ထု ၅ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခန့်က ကုန်စိမ်းရောင်းချသူ၏ ရွှေဆွဲကြိုး ၂ ကျပ်သားခန့်အား အမည်မသိ လူငယ်နှစ်ဦးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ကျောက်ထုမြို့ ဂုံဘိုရပ်ကွက် ပေါက်-ကျောက်ထု ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကုန်စိမ်းရောင်းချသူ ဒေါ်မိုးမိုးခိုင် (၅၀)နှစ်သည် ဟင်းသီးဟင်းရွက်ရောင်းချနေစဉ် အသက် (၂၅)နှစ်ခန့် အမျိုးသားလူငယ် ၂ ဦးက ဆိုင်ကယ်အနက်ရောင် နံပါတ်မပါအား စီးနင်းရောက်ရှိလာပြီး ခရမ်းချဉ်သီးဝယ်ယူရာ ချိန်ပေးနေစဉ် အိမ်အတွင်းဝင်ရောက်သဖြင့် မသင်္ကာ၍ လိုက်သွားရာ အိမ်တွင်း၌ တရားလိုအား တွန်းလှဲသဖြင့် လဲကျရာတွင် လည်ပင်းပေါ်ရှိ ဝတ်ဆင်ထားသည့် ရွှေနှစ်ကျပ်သားခန့်ရှိ သံကြိုးပုံ ဆွဲကြိုးပြုတ်ကျစဉ် ထိုလူငယ်နှစ်ဦးက ပြုတ်ကျသည့် ဆွဲကြိုးအားယူပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားလို၏ အသိအိမ်နီးနားချင်းများက နေရာဖြန့်၍ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိ၍ ည ၉ နာရီခွဲခန့်မှသာ ကျောက်ထုမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆွဲကြိုးလုယူထွက်ပြေးမှုအား ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ကျောက်ထုမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် နေလင်းထွန်းက အမှုစစ်အဖြစ် တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

မောဟေမာန် (ပြန်/ဆက်)