ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ကောလင်း    ဇွန်   ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့  မွန်းလွဲ ၂နာရီက ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက စံပြကွက်၊စမ်းသပ်ကွက်များ သီးနှံမျိုးစေ့ ထုတ်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရန် လျာထားချက်များပြည့်မီစွာ စိုက်ပျိုးနိုင်းရေး၊ မျိုးကောင်း မျိုးသန့်များအား အစားထိုးစိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြှင့်မားရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ ငွေကြေးနှင့် ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲရေး ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များနှင့်ကန်ထရိုက်လယ်ယာ စနစ်ဖြင့် စိုက်ပျိုးသော ချမ်းမြေ့မေစပါးအကြောင်းနှင့်စိုက်ပျိုးနည်းအကြောင်း လက်ကမ်းစာစောင်များအား ပေးအပ်ရာ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်ရုံးများမှ မြို့နယ်ဦးစီးမှူးများက လက်ခံရယူခဲ့ကြသည်။

ကောလင်းခရိုင်အတွင်း မျိုးစေ့ထုတ်စိုက်ကွက် ကောလင်းမြို့နယ်တွင် ၅၀ဧက၊ ဝန်းသိုမြို့နယ်တွင် ၄၅ဧကနှင့် ပင်လည်ဘူးမြို့နယ်တွင်  ဧက ၇၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးရုံးမှ သိရသည်။

အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)