ကျောင်းကုန်းမြို့တွင် အမျိုးသားတစ်ဦး ရထားကြိတ်မိပြီး သေဆုံး

ကျောင်းကုန်း ၂၂ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ ယိုးဒယားတက်ကျေးရွာ အနီးတွင် ယမန်နေ့  မွန်းလွဲပိုင်းက အသက်(၆၈)နှစ်အရွယ် အမျိုးသားတစ်ဦး ရထားကြိတ်မိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ်လှမိုးသည် လှည်းဆိပ်ရဲကင်းစခန်းတွင် ရဲကင်းမှူး တာဝန်ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦး ရထားကြိတ်ခံရသည်ဟုသတင်းအရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ ပုသိမ်-ဟင်္ဘာတရထားလမ်း မိုင်တိုင်အမှတ် ၁၅၇/၃ နှင့် ၁၅၇/၄ ကြား ယိုးဒယားတက်ကျေးရွာ အနီးတွင် အသုတ်-ဒေါင့်ကြီးကျေးရွာနေ အသက် (၆၈)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကျောင်းကုန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါရထားသည် ပုသိမ်-ဟင်္သာတ-ကြံခင်းဘူတာသို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF-1207 အဆန်စာပို့ရထားဖြစ်ပြီး ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)