ကောင်းသောအမှုပြု

ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ဂယက်က ကမ္ဘာ တစ်ခွင်မှာ ရိုက်ခတ်မှုပြင်းထန်သည်။ ကမ္ဘာ့နိုင်ငံတိုင်းက မိမိတို့ နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေသည့် နည်းလမ်းများဖြင့်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြရသည်။ ကူးစက်မြန်လွန်းသည့် ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန်ဆိုသည်မှာ လူများကို ထိန်းချုပ်ရန်ကသာ အဓိကဖြစ်သည်။ မကြာမကြာ လက်ဆေးကြရန်၊ အသွားအလာများကို ကန့်သတ်တားဆီးရန်၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်ဟူသော အချက်သုံးချက်မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် အရေးပါသည့်အချက်များ ဖြစ်သည်။ သို့ရာတွင် လူတိုင်းက မလိုက်နာနိုင်ကြ။

သို့ဖြင့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက် နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်း လုပ်အားပေးသူများကို အနှောင့်အယှက်ပြုသူများ၊ တိုက်ခိုက်သူများ ပေါ်လာသည်။ ရောဂါကာကွယ်တားဆီးရေး အတွက် ရည်ရွယ်ပြုလုပ်သည့် အတားအဆီးများ၊ ကန့်သတ်ချက် များကို တိမ်းရှောင်သူ၊ ဆန့်ကျင်သူ၊ ချိုးဖောက်သူများ ပေါ်လာသည်။

ရောဂါနောက်ကြောင်းရာဇဝင်ကို လိမ်ညာပြောကြားသူများ ပေါ်လာသည်။ ရောဂါအစပျိုးကာလ စောင့်ကြည့်နေရသည့် နေရာဌာနများ မှ ထွက်ပြေးသူများ ပေါ်လာသည်။ ထိုအခါ သက်ဆိုင်ရာအာဏာပိုင် တို့ကလည်း တာဝန်ရှိသည့်အလျောက် အရေးယူတားဆီး၊ အပြစ်ပေး မှုများ ပြုလုပ်လာကြရသည်။ ရောဂါပိုးမွှား ကူးစက်ပျံ့နှံ့နေချိန် လမ်းပေါ်ထွက်လာသူများ၊ လူစုလူဝေးပြုလုပ်သူများကို တုတ်နဲ့ ရိုက်တန်ရိုက်၊ ဖမ်းတန်ဖမ်း ပြုလုပ်လာကြရသည်တို့ကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်ရသည်။ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေးပြုလုပ်နေသည့် တာဝန်ရှိသူတို့အား အနှောင့် အယှက်ပြုသူတို့ကို သေနတ်ဖြင့် ပစ်သတ်ပြီး မြေမြှုပ်သင်္ဂြိုဟ်ပစ် ရန်ဟူ၍ပင် ခပ်ကြမ်းကြမ်း ပြောလာရသည်တို့ကိုလည်း တွေ့ရသည်။

မိမိတို့နိုင်ငံတွင်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းက တိုးလာခဲ့ပြီဖြစ်သည်။ ကနဦးတွင် ရောဂါပိုးက နိုင်ငံပြင်ပမှ ကူးစက် ဝင်ရောက်လာခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ပြည်တွင်း၌ပင် ကူးစက်လာနေခြင်းဖြစ်သည်။ နိုင်ငံအတွင်း ကပ်ရောဂါကြီးအသွင် ဖြစ်မလာအောင် တားဆီးထိန်းချုပ်နိုင်ရန်အတွက် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ လူတိုင်းလူတိုင်းက လက်ဆေးရန်၊ အသွားအလာ ကန့်သတ်ချက်များကို လိုက်နာရန်၊ လူချင်းခပ်ခွာခွာနေရန် ဂရုပြု ကျင့်သုံးနေထိုင်ကြရမည်ဖြစ်သည်။ ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေး၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဆောင်ရွက် ချက်များကို လိုက်နာဆောင်ရွက်ကြရန် လူတိုင်းတွင် တာဝန်ရှိပြီး မလိုက်နာပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့် ငြိစွန်းပြီး အရေးယူခံရနိုင်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သည့် ကူးစက်ရောဂါကြိုတင်ကာကွယ်သည့် လုပ်ငန်းများ၊ တုံ့ပြန်ဆောင် ရွက်သည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျန်းမာရေး အရာရှိများ၏ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း တာဝန်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကူးစက်ရောဂါဖြစ်ပွားကြောင်းကို သတင်းပို့တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ မြို့နယ်များတွင်အသွားအလာ ပိတ်ပင် တားမြစ်၊ ကန့်သတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ ပျက်ကွက်ခြင်း စသည့်အပြုအမူများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားပါက ငွေဒဏ်၊ ထောင်ဒဏ်၊ ပြစ်ဒဏ် နှစ်ရပ်ပေါင်း စသည်ဖြင့် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်။

ကိုဗစ်-၁၉ကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းသည် လူသားတို့၏ အသက်ပေါင်း များစွာကို ကယ်ဆယ်နိုင်ရန် အားထုတ်နေသည့် ကြီးမားလှသော ကောင်းမှုကုသိုလ်အဖြစ် လူတိုင်းပါဝင်ကြရမှာ ဖြစ်သည်။ အကြောင်း ကြောင်းကြောင့် လူအား၊ ငွေအား၊ စိတ်ဓာတ်ခွန်အားတစ်ခုခု မပါဝင် နိုင်ကြသည့်တိုင်အောင် မိမိကိုယ်မိမိ တာဝန်ယူခြင်းဖြင့် ကုသိုလ်ပြု ကြရမှာဖြစ်သည်။ အနည်းဆုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ အသိပညာပေးထားသည့် လမ်းညွှန်အကြံပြုချက်များနှင့်အညီ နေထိုင်ခြင်း၊ အသွားအလာ ကန့်သတ်မှုများ ခံယူရပါကလည်း ရောဂါအစပျိုးကာလ ၁၄ ရက် ကင်းလွတ်သည့်အထိ လိုက်နာနေထိုင်ခြင်းအားဖြင့် ကောင်းသော အမှုပြုကြစေလိုပါကြောင်း။

ျိိ့