ကျေးလက်နေအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အိမ်တွင်းမှု ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ    ၂၄   နိုဝင်ဘာ      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၉ နာရီခွဲက ကျေးလက်နေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ မိသားစုအပိုဝင်ငွေ ရရှိစေမည့် အိမ်တွင်းမှု ဆပ်ပြာဆီပြုလုပ်နည်း သင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်မော်မော်ဝင်းက သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစိုးစံက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

အဆိုပါ သင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းနည်းပြအဖြစ် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစိုးစံနှင့် ဒေါ်မို့မို့စိုး တို့က ဦးဆောင်၍ အဝတ်လျှော် ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ လက်ဆေး ဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည် ဆပ်ပြာခရင်(မ်)၊ မှန်ကြည်ဆေး ဆပ်ပြာမှုန့်၊ ရေမလိုလက်သန့်ဆေး၊ ဆပ်ပြာအကြမ်း / အချောခဲများ ၊ အထည်ပျော့အမွှေးဆီ၊ ကော်ဖီဆပ်ပြာခဲ၊ ကော်ဖီနနွင်းဆပ်ပြာခဲ၊ Shampoo၊ သံလွင်ဆီ စသည့် အိမ်တွင်းမှု ဆပ်ပြာဆီပြုလုပ်နည်း (၁၄)မျိုးအား စာတွေ့လက်တွေ့  ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

 

အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံအမျိုးသမီး သင်တန်းသူ စုစုပေါင်း ၂၉ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းအား နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဉက္ကဋ္ဌ ဒေါ်မော်မော်ဝင်း ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)