ကျေးရွာ(၁၇)ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူး သစ်သားတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီး

မိတ္ထီလာ  ၁၅   ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူး သစ်သားတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“မိတ္ထီလာမြို့ နွားပွဲစျေးမှ တောင်ဘက်အရပ်၌တည်ရှိသော ကျေးရွာ(၁၇)ရွာ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမရှိပြီး ၎င်းကျေးရွာချင်းလမ်းမတွင် မုန်တိုင်ဆည်နှင့် ညောင်ကုန်းတမံတို့မှ မိတ္ထီလာကန်သို့ ဆက်သွယ်ထားသော ရေသွင်းမြောင်းလက်တံနှစ်ခုဆုံရာ၌ အရှည် (၅၅)ပေ အကျယ်(၁၂) ပေရှိ ချောင်းကူးသစ်သားတံတားပေါ်မှ ကျေးရွာ(၁၇)ရွာရှိ ဒေသခံပြည်သူများက ဒေသထွက် သီးနှံများ သယ်ယူပို့ဆောင်ကြသလို (၅)ရက်တစ်ကြိမ် ကျင်းပသည့် နွားပွဲစျေးနေ့များတွင် ကျွဲနွားတိရစ္ဆာန်များနှင့် တောင်သူလုပ်ငန်းသုံးပစ္စည်းများကို ရောင်းဝယ်ဖောက်ကားမှုပြုခြင်းအပြင် ကျောက်ဖူးရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ဒေသခံကျေးရွာများမှ အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများ နေ့စဉ် ကျောင်းတက် ပညာသင်ယူကြရာ၌ အသုံးပြုကြသည့်အပြင် ကျေးလက်နေပြည်သူ များ နားဖျားမကျန်းမမာရှိကြသောအခါ မြို့ပေါ်ရှိ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ပြသ ဆေးကုသ ရာတွင် အသုံးပြုလျက်ရှိသည့် နွားစမ်းတောင် ချောင်းကူးသစ်သားတံတားမှာ ဆွေ့မြေ့ဟောင်းနွမ်းပျက်စီး လျက်ရှိ၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ကျေးလက်နေပြည်သူများမှာ အန္တရာယ်ကြီးစွာ ဖြတ်သန်းသွား လာရသောကြောင့် နွားစမ်းတောင်ကျေးရွာ ရွှေလက်လှဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဘဒ္ဒန္တခမေသက ဦးဆောင်၍ ဒေသခံများက စုပေါင်း၍ ခန့်မှန်ကုန်ကျငွေ သိန်း(၁၇၀)ဖြင့် အရှည် ပေ ၆၀ ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ်တံတားကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍  ဦးတင်သန်း အင်ဂျင်နီယာ(ငြိမ်း)မှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း” နွားစမ်းတောင်ကျေးရွာရာအိမ်းမှူး ဦးထွန်းလင်းက ပြောကြားခဲ့သည်။

 

အဆိုပါ နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ကျေးရွာ(၁၇)ရာမှ ဒေသခံပြည်သူများ သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)