"ချစ်ခင်စမှော်ရုံ"ရုပ်ရှင်ကို မတ် ၂ ရက်တွင် စတင်ရိုက်ကူးမည်

ကိုလင်း

 

၁၉၇ဝ ပြည့်နှစ်ဝန်းကျင်က ပုံရိပ်များဖြင့် ပြန်လည်ပုံဖော် ရိုက်ကူးသွားမည့် "ချစ်ခင်စမှော်ရုံ" ရုပ်ရှင် ဇာတ်ကားကို တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက မတ် ၂ ရက်မှ စ၍ ရိုက်ကူးသွားတော့မည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် စာရေးဆရာ မောင်ဝဏ္ဏ၏ ဝတ္ထုကို အခြေခံကာ ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူး ပြီး သရုပ်ဆောင် ဒေါင်း၊ ထက်အောင်ရှိုင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသု၊ မေသဉ္စာဦး စသည့် သရုပ်ဆောင်များနှင့်အတူ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် အေးမြဖြူလည်း ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။

 

သရုပ်ဆောင် ထက်အောင်ရှိုင်းက "ဒီဇာတ် ကားထဲမှာ ကျွန်တော်က ရုပ်ရှင်မင်းသားတစ်ယောက် ကာရိုက်တာအနေနဲ့ ပါဝင်ရမှာပါ။ ကိုဒေါင်းကတော့ ဒါရိုက်တာတစ်ယောက်ရဲ့ ကာရိုက်တာပေါ့နော်၊ ဇာတ်ကားလေးက ရိုးရှင်းတယ်ဆိုပေမယ့် စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်၊ ကာရိုက်တာလေးတွေက အစပေါ့နော်၊ ကျွန်တော့်အနေနဲ့ ဒီအနုပညာလောကထဲကို ရောက်တာ သိပ်မကြာသေးဘူး ဆိုပေမယ့်ကိုယ့်အထက်က စီနီယာတွေက အကောင်းဆုံး သင်ကြားပေးကြပါတယ်၊ တွဲခေါ်ပေးကြတာတွေလည်းရှိတော့ ဒီကားမှာလည်း အကောင်းဆုံး သရုပ်ဆောင်သွားမှာပါ။ ဒီကားလေးရဲ့ ထူးခြားမှုက ထုတ်လုပ်ရေးပိုင်းက သေချာလေး လုပ်ပေးတယ်၊ အရင်ကဆို ကိုယ့်အဝတ်အစားကအစ ကိုယ်တိုင်ပဲ ပြင်ဆင်ရတာလေ၊ အခုက production ပိုင်းက အားလုံးစီစဉ်ပေးပါတယ်၊ ကျွန်တော်တို့ ဘာမှကို စီစဉ်စရာမလိုဘူး၊ လူပဲသွားရုံပဲ"ဟု ပြောသည်။

 

ရိုက်ကူးမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း ထက်အောင်ရှိုင်းက "ဒီကားက ကွာလတီမီအောင်ရိုက်ပြီး အခြားနိုင်ငံတွေမှာပါ ပြမှာဆိုတော့ အားလုံးကို Prodution က သူတို့စိတ်တိုင်းကျ စီစဉ်ပေးပါတယ်။ ပြီးတော့ ကားလေးက ခေတ်နှစ်ခေတ် ခွဲပြီးရိုက်တဲ့ ပုံစံလေးပါ၊ ရုပ်ရှင်အကြောင်းလေးလည်း ဖြစ်တော့ ရုပ်ရှင် နှစ်(၁၀၀)ပြည့်မှာ အမှတ်တရလည်း ဖြစ်သွားအောင်နဲ့ တူပါတယ်၊ အရင်ခေတ်ကဆို ရုပ်ရှင်ကို ဘယ်လို ခက်ခက်ခဲခဲတွေ ရိုက်ခဲ့ရတယ်ဆိုတာကိုလည်း တွေ့ရမှာပါ"ဟု ထက်အောင်ရှိုင်းကဆက်ပြောသည်။