ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်လာတဲ့ T. O. P နဲ့ ကင်ဂါဘင်

၂၁  မေ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ T.O.P ဟာ အမျိုးသားတေးဂီတအဖွဲ့ BIGBANG ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ T.O.P နဲ့ ကင်ဂါဘင်တို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ရာ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး အေဂျင်စီဘက်က ပြန်လည်ရှင်းလင်းခဲ့တယ်လို့ စွန်ပ‌ေဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

T.O.P နဲ့ ကင်ဂါဘင်တို့ စုံတွဲရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ အွန်လိုင်းမီဒီယာပေါ်မှာ ပျံ့နှံ့နေပြီး တရုတ်မီဒီယာ တစ်ခုက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း စတင်ရေးသားဖော်ပြခဲ့တာပါ။ အဆိုပါ မီဒီယာရဲ့ ဖော်ပြချက်အရ T. O. P နဲ့ ကင်ဂါဘင်တို့ဟာ သမုဒ္ဒရာကို နောက်ခံထားတဲ့မြင်ကွင်းနဲ့ ရိုက်ကူးထားတဲ့ သူတို့ တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသီးသီးဖော်ပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ပြန်လည်ဖျက်ခဲ့ပေမယ့် အဆိုပါဓာတ်ပုံတွေမှာ သူတို့နှစ်ဦးဟာ တူညီတဲ့ ညဝတ်စုံဒီဇိုင်းကို ဝတ်ဆင်ထားကြကြောင်းလည်း သိရပါတယ်။

အဆိုပါ သတင်းတွေအပေါ် ကင်ဂါဘင်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ကြယ်ပွင့်နဲ့ဆက်သွယ်ကာ သတင်းတွေ မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် T.O.P ရဲ့ ဖျော်ဖြေရေး အေဂျင်စီကတော့ ကြယ်ပွင့်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာဖြစ်တာကြောင့် အေဂျင်စီအနေနဲ့ အတည်ပြုပြောကြားနိုင်ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ကြောင်းလည်း သိရပါတယ်။

အေးပြည့်