ချောက်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ၄ ရက်တာဖွင့်

ချောက်   ၂၇    အောက်တိုဘာ

 

မကွေးတိုင်း‌ဒေသကြီး ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး များရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို အောက်တိုဘာ ၂၄ ရက်နေ့မှစ၍ နံနက် ၉ နာရီက ချောက်မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ သင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း မကွေး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှအောင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ချောစုရည်က သင်တန်းတွင်ပို့ချသွားမည့် အကြောင်းအရာများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း‌ ပြောကြားသည်။

 

mdn

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက သင်တန်းနည်း ပြ (၆)ဦးတို့နှင့် သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းသား ဆရာဆရာမ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေး အိတ်များ၊ မဲပုံးလုံခြုံရေးကြိုးများ တပ်ဆင်ထုတ်ပိုးခြင်းတို့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ မဲရုံ(၂၅၈)ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူး သင်တန်းသား၊ သင်တန်းသူဆရာဆရာမ(၅၁၆) ဦးတို့ကို အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်း (၄) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၇၁)အုပ်စုမှ မဲဆန္ဒရှင် ၁၆၁၉၈၁ ဦး ပြည်သူများက မဲရုံပေါင်း (၂၅၈) ရုံတွင် ဆန္ဒမဲပေး ကြမည်ဖြစ်ပြီး အဆိုပါ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့် ရပ်ကွက်၊ကျေးရွာ မဲရုံမှူး၊ ဒုမဲရုံမှူး များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)