ချောက်မြို့နယ်တွင် ဖုန်းကြေးနန်းကြိုးအား ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

နေပြည်တော် ၄ ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၃ ရက် ညနေ ၆ နာရီ ၂၅ မိနစ်က ဓာတ်လိုက်၍ သေဆုံးနေသော အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

 

ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က ချောက်မြို့နယ်၊ အမှတ်(၁၄) စစ်ကွင်းရပ်နေ ကိုစိုးသူရကျော် (၂၄)နှစ်၏ ဇနီးဖြစ်သူ မဇင်မာအေးသည် မိုးရွာနေစဉ် ရေလွှဲမြောင်းဖောက်ရန် မြေကြီးအား ပေါက်ပြားဖြင့်ပေါက်ရာ ရေနံဝန်ထမ်းအိမ်ရာများသို့ သွယ်တန်းထားသည့် ဖုန်းကြေးနန်းကြိုးမှာ မိုးရွာနေ၍ လျှပ်စစ်စီးဝင်နေပြီး ပြတ်ကျနေသည်ကို မသိရှိဘဲ ပေါက်ပြားနှင့် ပေါက်မိ၍ ဓာတ်လိုက်စဉ် အော်လိုက်သောအခါ ခင်ပွန်းဖြစ်သူမှ ၎င်းဖုန်းကြေးနန်းကြိုးအား ဆွဲကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရှိရသောကြောင့် ချောက်မြို့မရဲစခန်း သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား