ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

ချောင်းဆိုးတာက ပြောတော့သာ ဘာမှမဟုတ်သလိုလိုနဲ့ လူကြားထဲမှာ ချောင်းဆိုးရင်တော့ တော်တော်လေးနေရခက်တယ်နော်။ ချောင်းဆိုးချင်တာ အောင့်ထားလို့မရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့ Hello ဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

ချောင်းဆိုးပြီဆိုတာနဲ့ဆေးသောက်ရမှာလား…….

ချောင်းဆိုးတိုင်းတော့ဆေးသောက်ဖို့လိုလားဆိုတော့ မလိုပါဘူး။ချောင်းဆိုးတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေအများကြီးရှိပါတယ်။ ဥပမာပြောပြရရင်

•    ရေနွေးငွေ့ခံတာ
•    ကြက်သွန်ဖြူစားတာ
•    ဂျင်း (ချင်း) စားတာ
•    ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းချိုပူပူလေးသောက်တာ
•    ရေနွေးနဲ့ရေချိုးတာ
•    ရေနွေးထဲကို ပျားရည်နဲ့ သံပရာရည်ထည့်ပြီးသောက်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။

ချောင်းဆိုးပျောက်ဆေးတွေထက်စွမ်းတဲ့ နည်းလမ်းတစ်ခု

ချောင်းဆိုးတာကို ပျောက်ကင်းစေမယ့် ချောင်းဆိုးပျောက်ဆေးထက် စွမ်းတဲ့နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ အလုပ်လည်းမရှုပ်ဘဲဆေးသောက်ရမှာ ကြောက်သူတွေအတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီးဖျော်ရည် သောက်ပေးခြင်းပါပဲ။ နာနတ်သီးဖျော်ရည်သောက်ပေးခြင်းကြောင့်

•    ချွဲတွေကိုပျော်စေနိုင်တယ်
•    အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
•    လည်ချောင်းတွင်းက အစိုဓါတ်ကို ထိန်းပေးနိုင်တယ်
•    ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
•    ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်
•    ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ်
•    ဝတ်မှုန်နဲ့ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

နာနတ်သီးဖျော်ရည်က ဘာကြောင့်ချောင်းဆိုး သက်သာစေနိုင်ရတာလဲ………

နာနတ်သီးဖျော်ရည်မှာbromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှု ကို သက်သာစေပြီး ချွဲတွေကိုပျော်စေနိုင်ပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေ နိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိ ပါဝင်နေ တာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။ ဒါတွေအပြင် နာနတ်သီးမှာခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ကော့ပါး၊ ဇင့်၊ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေး အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို ချောင်းဆိုးတာ၊ချွဲကြပ်တာကိုလည်း သိသိသာသာသက်သာစေမှာပါ။

ချောင်းဆိုးသက်သာစေမယ့် နာနတ်သီးဖျော်ရည်ကို ဘယ်လိုဖျော်မလဲ………

ချောင်းဆိုးတာကိုသက်သာစေဖို့ နာနတ်သီးဖျော်ရည်သောက်မယ်ဆိုရင်တော့

•    နာနတ်သီးကိုကြိတ်ခြေထားတဲ့ဖျော်ရည်တစ်ခွက်စာ
•    ဆားနည်းနည်း
•    ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့
•    ပျားရည် လက်ဖက်ရည်ဇွန်းတဝက်စာတို့ကိုရောဖျော်လိုက်ပါ။ ဒီတစ်ခွက်စာကို လေးခွက်အညီအမျှခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ်သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေကြေစေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။

ဒီရာသီမှာချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်း ပေါတဲ့အချိန်ဆိုတော့ ချောင်းဆိုးလို့ ဆေးသောက်ရမှာကြောက်တဲ့ သူလေးတွေအနေနဲ့ နာနတ်သီးဖျော်ရည်လေး သောက်လို့အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ပြဿနာကို ခပ်ဝေးဝေးမောင်းထုတ်လိုက်ရအောင်လား…….

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win