ချောင်းဆုံမြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ထိုးနှံ ပေးသွားမည်

ချောင်းဆုံ ၂၄ ဇန်နဝါရီ             

 

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ရိုတာဗိုင်းရပ်(စ်) (ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ) ကာကွယ်ဆေးကို ဖေဖော်ဝါရီ (၁) ရက်နေ့တွင်စတင်၍ ဆေးထိုး/တိုက်လုပ်ငန်းများဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့နံနက်  ၁၀ နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသော ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင်စတင် ထည့်သွင်းခြင်း မြို့နယ်အဆင့်သင်တန်းမှ သိရသည်။

 

အဆိုပါ သင်တန်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်း၊ ဒေါက်တာအောင်ချမ်းငြိမ်း နှင့် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းတို့က သင်တန်းပို့ချပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၁၃၀) ဦး တက်ရောက်ခဲ့သည်။ ယင်းသင်တန်းတွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် လုပ်ငန်းများအပြင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (၅) မျိုးစပ်ကာကွယ်ဆေး (စတုတ္တအကြိမ်) ထည့်သွင်းတိုက်ကျွေး ထိုးနှံပေးမည့်အစီအစဉ်များ ပို့ချပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

 

ကေအေ(ချောင်းဆုံ)