ချောင်းကူးတံတား တည်ဆောက်ရန် အလှူငွေပေးအပ်ပွဲနှင့် စိမ့်စမ်းရေသွယ်ယူရေး လုပ်ငန်း ကွင်းဆင်းစစ်ဆေး

ဝန်းသို  ၂၄   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာတွင် အရှည်ပေ ၈၀ရှိ ရွာအဝင်ချောင်းကူး တံတားတည်ဆောက်နိုင်ရန်အတွက် အလှူရှင်များမှ မတည်ရန်ပုံငွေ ပေးအပ်လှုဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ဇရပ်ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

12111

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းတို့က ကျေးဇူးတင်စကားနှင့်ရေပေးရေး လုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ထို့နောက် အလှုရှင်ဦးမင်းဇော်ဦး (ဗန်းမောက်မြို့) မိသားစုတို့က မတည်လှုဒါန်းငွေ သိန်း ၅၀ကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးထံ ပေးအပ်ပြီး တံတားတည်ဆောက်မည့်နေရာတွင် စုပေါင်းပန္နက်တင် မ င်္ဂလာ အခမ်းအနားကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။          

 

ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေကျပ်  ၁၂ ဒသမ ၆၁ သန်းဖြင့် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ပိုက်လိုင်းအရှည် ၁ မိုင်၊ ရေတားတမံ၊ ဂါလန် ၅၀ဝ၀ ဆံ့ ရေလှောင်ကန်တစ်ခုတို့ ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)