ခေါင်းဆောင်ကောင်းတို့၏ အမြော်အမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတွင် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဟုဆိုလျှင် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးအောင်ဆန်းကို မြင်ကြ၏။

 

ဦးအောင်ဆန်းသည် လက်နက်ကိုသာ အင်အားဟု ရှုမြင်မှတ်ထင်သည့် အကြမ်းဖက်အင်အားစု၏ လုပ်ကြံမှုကြောင့် အသက်သုံးဆယ့်နှစ် ကျော်ကျော်သာရှိသည့် ငယ်ရွယ်လှသေးသော အရွယ်တွင် ကျဆုံးခဲ့ရရှာသည်။

 

သူ၏ နိုင်ငံရေးလှုပ်ရှားမှုသက်တမ်း၊ တစ်နည်းအားဖြင့်ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုသက်တမ်းမှာ စုစုပေါင်းမှ ဆယ်နှစ် စွန်းစွန်းသာရှိသည် ဟု ဆိုရပါမည်။ သည်မျှ တိုတောင်းလှသော ကာလအတွင်း၌ အောင်မြင်ပေါက်ရောက်ခဲ့သည့် လွတ်လပ်ရေးနိုင်ငံနှင့် ပြည်သူလူထု အရေး အလုပ်ရလဒ် အမြောက်အမြားကို ဂုဏ်ယူလေးမြတ် ရိုသေဖွယ်တွေ့ရပါမည်။ သူ၏ အမြော်အမြင်ကြီးမှု၊ သူ၏ ရဲရင့်မှု၊ သူ၏ ဆုံးဖြတ်နိုင်စွမ်း၊ သူ၏ ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်မှု၊ သူ၏ လုံ့လဝီရိယအားလုံးတို့မှာ အံ့မခန်း ဖြစ်ချေ၏။

 

သူသည် မြန်မာ့လွတ်လပ်ရေးအတွက်အင်အားကို မြန်မာပြည်သူ လူထုအတွင်းကပင် တည်ဆောက်ရယူခဲ့သူဖြစ်သည်။ ထိုအင်အား ကိုလည်း မေတ္တာကိုအခြေခံ သစ္စာကို ကျားကန်ကာ တည်ဆောက် ခဲ့ခြင်းဖြစ်၏။

 


၁၉၄၇ ဧပြီ က နတ်မောက်မြို့ ဒီပင်္ကရာကျောင်းဝိုင်းအတွင်း ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် ပြောသည့်-“..ကျုပ်က မေတ္တာနှင့် သစ္စာကိုရှေ့ထားပြီး အုပ်ချုပ်မယ်။ တကယ်လို့ ကောင်းတယ် မှန်တယ်ထင်လို့ ရှိရင် အသက် စွန့်ရဲတယ်။ ...ရဲရဲရင့်ရင့်သစ္စာ သမာဓိနှင့်လုပ်လျှင် အောင်မြင်မှာပဲ။ ...” ဟူသည့် စကားများက သူ၏ဖြူစင်လှသော အတွင်းမနောကို ဖော်ပြနေသည်။

 

သည့်မတိုင်မီ ၁၉၄၆ ဇန်နဝါရီက ရွှေတိဂုံစေတီတော် အလယ် ပစ္စယာတွင် ဖဆပလအဖွဲ့ချုပ်ကကြီးမှူးပြုလုပ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ညီလာခံသဘင် မိန့်ခွန်း၌ မြန်မာနိုင်ငံသားတို့သည် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြ သဖြင့် အခြားဘာသာဝင်များကို မထိခိုက်စေဘဲ ပြောလိုသည်မှာဟု အစချီကာ-“... ယခု သံဃာတော်အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည်ဘုရား၊ ... အရှင်ဘုရားတို့က သာသနာတော် ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ၊ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်း အစ်ကို၊ မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ 

 

အရှင်မြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ ... ဤကဲ့သို့သော ဆောင်ရွက်မှုသည် သာသနာတော်ဘက်ကသာကြည့်၍ မြင့်မြတ် သည်မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာမှာ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူန ဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။

 

အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထားမြတ်စွာဘုရား ဩဝါဒပေးတော်မူခဲ့သည့်အတိုင်း အပ္ပမာဒေန သမ္ပာဒေထ၊ မမေ့မလျော့ ဘဲ အစဉ်ထာ၀ရ အားထုတ်ကြဖို့ တပည့်တို့ ဗမာလူမျိုးတစ်မျိုးလုံးကို ဆုံးမတော်မူပါဘုရား။” အစရှိသည်ဖြင့် ဟောပြောခဲ့ပေသည်။ ယင်းစကားများကို ကြည့်လျှင် ဖဆပလဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ကြီး ဦးအောင်ဆန်း၏ မေတ္တာတရား၊ ညီညွတ်ရေး၊ မျှတမှု စသည်တို့က မြင့်မြတ်သည့် အမြော်အမြင်ဖြစ်ပေသည်။ သူ၏ လွတ်လပ် ရေးနှင့်ဒီမိုကရေစီ၏ အနှစ်သာရပေါ် မျှော်လင့်ထားရှိသည့် သဘောထားက မြန်မာနိုင်ငံ၏ အနာဂတ်လမ်းညွှန်ချက်ကဲ့သို့ပင် ဖြစ်ပေသည်။

 

အမြော်အမြင်ကြီးသော၊ ရင့်ကျက်သော၊ စိတ်စေတနာဖြူစင်သော၊ မေတ္တာတရားကို အခြေခံသော အာဇာနည်ခေါင်းဆောင်ကြီး၏ လမ်းညွှန်ချက်တို့ကို လိုက်နာလျှောက်လှမ်းကြခြင်းဖြင့် ငြိမ်းချမ်း သာယာတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရမည်ဟု ယုံကြည်မိ ပါသတည်း။ ။

 

မြန်မာ့အလင်း