ခေတ်သစ်ဖောင်ဒေးရှင်းက တစ်နှစ်အတွင်း နှလုံးရောဂါရှင် ကလေး ၂၇ ဦးအား ကူညီထောက်ပံ့နိုင်

ကိုလင်း

 

အဆိုတော် လင်းလင်းနှင့်သရုပ်ဆောင် ချစ်သုဝေတို့ ဇနီးမောင်နှံအနေဖြင့် မေမြန်မာခေတ်နှင့် မေမြန်မာသစ် ဆိုသည့် အမြွှာသမီးငယ်နှစ်ဦးကို မွေးဖွားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ အမည်ဖြင့် ခေတ်သစ် ဖောင်ဒေးရှင်းကို တည်ထောင်၍ လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ယခုဆိုလျှင် တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

ခေတ်သစ်ဖောင်ဒေးရှင်းကို အနာဂတ်ရင်သွေးငယ်များ ကျန်းမာရေး ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်စေရန်နှင့် ဆင်းရဲချို့တဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသော ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ရာ ယခုတစ်နှစ်အတွင်း၌  နှလုံးရောဂါဝေဒနာ ခံစားနေရသူ ကလေးငယ် ၂၇ဦးအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ခေတ်သစ်ဖောင်ဒေးရှင်း စတင်ထူထောင်စဉ်က နှလုံးရောဂါ ခံစားနေရသူ ကလေးငယ်များအား တစ်လလျှင် နှစ်ဦးနှုန်းဖြင့် တစ်နှစ်တာအတွင်း ၂၄ ဦးအား ကုသပေးနိုင်အောင် ထောက်ပံ့နိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း မျှော်မှန်းသည်ထက်ပို၍ ကလေးငယ် ၂၇ ဦးအထိ လှူဒါန်းပေးနိုင်ခဲ့ခြင်း၊ ဖြစ်ကြောင်း သိရသည်။

 

"၂၀၁၉ မှာ အားလုံးသိတဲ့အတိုင်းပဲ နှလုံးခွဲစိတ်ဖို့ ရာချီစောင့်နေကြတဲ့ နှလုံးဝေဒနာရှင် ကလေးငယ်တွေထဲက ဖောင်ဒေးရှင်းမှ လုပ်နိုင်တဲ့ အားလေးနဲ့ တစ်လကို နှစ်ယောက် တာဝန်ယူမယ် ဆိုပေမယ့် အချို့လတွေမှာတော့ တစ်ယောက်ပဲ ဖြစ်သွားတာလည်း ရှိခဲ့တယ်။ အချို့လတွေမှာ သုံးယောက်၊ လေးယောက်လည်း လှူဒါန်းထောက်ပံ့ ပေးနိုင်ခဲ့တယ်။ ဖောင်ဒေးရှင်းအနေနဲ့ အစမှာ ၂၄ ယောက် တာဝန်ယူမယ် ပြောခဲ့ပေမယ့် ၂၀၁၉ တစ်နှစ်တာ ကာလအတွင်းမှာ ၂၇ ယောက်ကို တာဝန်ယူနိုင်ခဲ့ပါတယ်" ဟု ခေတ်သစ်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်ချုပ်လည်းဖြစ်သူ ချစ်သုဝေ က ပြောသည်။

 

ခေတ်သစ်ဖောင်ဒေးရှင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် သရက်လှကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ ကိုလည်း ၂၀၁၉ ခုနှစ်အတွင်း ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။