ချိုင်းချွေးနံ့ ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

၂၁  နိုဝင်ဘာ

 

ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက် ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာ ပိုဆိုးပါတယ်။

 

ဒါပေမယ့် လူကြားထဲသွားရလာရနဲ့ ကိုယ့်ဆီက အနံ့ဆိုးမထွက်စေချင်တော့လည်း ချွေးနံ့ပျောက်ဆေးတွေ သုံးကြပါတယ်။ ဒီနေရာမှာ စိုးရိမ်စရာရှိလာတာက ကိုယ်အမြဲသုံးနေရတဲ့ ချွေးနံ့ပျောက်ဆေးတွေရဲ့ ပါဝင်ပစ္စည်းနဲ့ အရည်အသွေးပါပဲ။ အမြဲထိတွေ့သုံးစွဲရတာ ကြာလာတဲ့အခါ ချိုင်းအရေပြားကိုလည်း ဓာတုပစ္စည်းတွေနဲ့ ခဏတာကင်းလွတ်ခွင့် ပေးသင့်ပါတယ်။ ဒီအတောအတွင်းမှာ အောက်မှာ ဖော်ပြပေးထားတဲ့ သဘာဝနည်းလေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

 

(၁) ပန်းသီးရှာလကာရည်

 

ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်ကို ရေနည်းနည်းနဲ့ရောပါ။

 

ဂွမ်းလုံးလေးတစ်လုံးကို နှစ်ပြီး ချိုင်းမှာ သုတ်လိမ်းပါ။

 

ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန် တစ်နေ့နှစ်ကြိမ် သုံးနိုင်ပါတယ်။

 

ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားတဝိုက် အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။

 

(၂) မုန့်ဖုတ်ဆိုဒါ

 

မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊ သံပရာရည်တစ်ဇွန်း ရောပါ။

 

ချိုင်းမှာ သုတ်လိမ်းပြီး ၂ မိနစ် သို့မဟုတ် ၃ မိနစ်လောက်ထားပါ။

 

ရေချိုးချပါ။

 

တစ်နေ့တစ်ကြိမ် နှစ်ပတ်လောက်လုပ်လို့ရပါတယ်။

 

မုန့်ဖုတ်ဆိုဒါက ချိုင်းကိုခြောက်သွေ့စေပြီး ချွေးထွက်ထိန်းစေပါတယ်။ သူ့ရဲ့အာနိသင်ကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုနှိမ်နင်းနိုင်ပါတယ်။

 

(၃) သံပရိုသီး

 

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမှာပွတ်ပါ။

 

သံပရိုရည်တွေ ချိုင်းမှာခြောက်သွေ့တဲ့အထိထားပြီး ရေနဲ့ဆေးချပါ။

 

ကိုယ်က ထိခိုက်လွယ် အသားအရေဆိုရင် သံပရိုတခြမ်းကရတဲ့အရည်ကို ရေနည်းနည်းရော၊ ဂွမ်းလုံးလေးနဲ့တို့ပြီးမှ လိမ်းပါ။

 

ချွေးနံ့ပျောက်တာ သိသာလာတဲ့အထိ တစ်နေ့တစ်ကြိမ်သုံးလို့ရပါတယ်။

 

သံပရိုသီးက အက်စစ်ဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားကို သေစေနိုင်စွမ်းရှိပါတယ်။ သံပရိုသီးက အသားအရေရဲ့ pH အဆင့်ကို လျှော့ချပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားကို ရှင်းလင်းပေးနိုင်ပါတယ်။

 

(၄) ရှားစောင်းလက်ပပ်

 

ရှားစောင်းလက်ပပ် အလယ်သား(သို့မဟုတ်) ရှားစောင်းဂျယ်လ်ဘူးထဲက အနည်းငယ်ယူပြီး ချိုင်းမှာ လိမ်းပါ။

 

ညအိပ်ခါနီးလိမ်းထားပြီး နောက်နေ့မနက်မှ ရေဆေးချပါ။

 

တစ်နေ့တစ်ကြိမ်လုပ်လို့ရပါတယ်။

 

ရှားစောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ဘက်တီးရီးယားသေစေတဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါ့ကြောင့်ပဲ ချွေးနံ့ပျောက်ဖို့အတွက် အထောက်အကူပေးတဲ့ ဆေးတစ်လက် ဖြစ်လာတာပါ။

 

(၅) အာလူး

 

အာလူးကို အလွှာလေးတွေ လွှာလိုက်ပါ။

 

ချိုင်းမှာ အာလူးလွှာလေးတွေနဲ့ပွတ်ပါ။

 

ခြောက်သွေ့အောင်ထားပြီး ရေဆေးချပါ။

 

တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်နိုင်ပါတယ်။

 

အာလူးက ချွေးထွက်ခြင်းကို ထိန်းပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

 

ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ –

 

ဒီနည်းတွေကအသုံးဝင်ပေမယ့် ကိုယ့်အသားအရေက ဓာတ်မတည့်ဖြစ်လွယ်၊ ထိခိုက်လွယ်တယ် ဆိုရင်တော့ အချိန်လေးခြားပြီး မကြာမကြာပဲလုပ်ပေးပါ။ အမြဲမလုပ်ပါနဲ့။ ရေရှည်အတွက် လိုက်နာသင့်တဲ့ အမူအကျင့်တွေအနေနဲ့ –

 

အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေပုံမှန်ချိုးပါ။

 

အရည်အသွေးကောင်းတဲ့ ဆပ်ပြာကိုသုံးပါ။

 

ရေချိုးပြီးရင် သန့်ရှင်းတဲ့ တဘက်ကိုပဲ သုံးပါ။

 

ချွေးနံ့ပျောက်ဆေးဆို အရည်အသွေးကောင်းတာပဲသုံးပါ။

 

ပူတဲ့၊ လှောင်ပိတ်တဲ့ အဝတ်အထည်မျိုး မဝတ်ပါနဲ့။

 

ချိုင်းက အမွေးအမှင်တွေကို ပုံမှန်သန့်စင်ဖယ်ရှားပါ။

 

အနံ့ပြင်းတဲ့ အစားအသောက်တွေ ရှောင်ပါ။

 

အသီးအနှံ၊ အသီးအရွက်၊ ကြက်သားနဲ့ ငါး တွေစားပါ။

 

ရေများများသောက်ပါ။

 

ရေးသားသူ Yun Sandi Nan Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”