ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ အပြင်ထွက်ခွင့်ကတ်စနစ်ကို အောက်တိုဘာ ၃ ရက်မှ စတင်အသုံးပြုမည်

မင်းတပ်   ၁  အောက်တိုဘာ

ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ အပြင်ထွက်ခွင့်ကတ်စနစ်ကို အောက်တိုဘာ  ၃  ရက်မှ စပြီး ကျင့်သုံး မည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မင်းတပ်မြို့နယ်၌ Covid-19 ရောဂါပိုးတွေ့(Positive) လူနာ(၁၉)ဦး တွေ့ရှိပြီးနောက် လူစုလူဝေးမဖြစ်စေရန်နှင့် အပြင်သို့သွားလာခြင်းများ လျှော့ချရန်အတွက် အပြင်ထွက်ခွင့်ကတ်စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ မင်းတပ်မြို့ပေါ်တွင် တစ်အိမ်လျှင် တစ်ကတ်ပေးသွားမည်ဖြစ်ကာ ကတ်ကိုင်ဆောင်သူသည် မိသားစုထဲမှ အားကိုးရမည့်သူဖြစ်ရန် လိုအပ်ပြီး ကျေးရွာများတွင် တစ်ရွာလျှင်(၁၀)ကတ်ပေးထားမည်ဖြစ်ကာ မိမိကျေးရွာအတွက် ကိုယ်စားပြုပြီး အလုပ်လုပ်မည့် သူများကို ရွေးချယ်ကာ ကတ်ပေးရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကတ် ကိုင်ဆောင်ထားရန်လိုအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 အဆိုပါကတ်ပြားကို အောက်တိုဘာ  ၂ ရက်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အစီအစဉ် ဖြင့် အပြီးဖြန့်ဝေပေးမည်ဖြစ်ပြီး အောက်တိုဘာ ၃ ရက်တွင် စိစစ်ဆောင်ရွက် သွားမည်ဖြစ်သည်။ အပြင်ထွက်လျှင် ကတ်ပြားယူဆောင်သွားရမည်ဖြစ်ပြီး အကြောင်းပြချက်ခိုင်လုံစွာ ပြောဆိုရန် လိုအပ် ပါသည်။ ဈေးဝယ်ထွက်လျှင် တစ်အိမ်(၁)ဦးတည်းသာ ထွက်ခွင့်ပြုကြောင်းနှင့် ကျန်းမာရေးကိစ္စဖြစ်ပါက တစ်အိမ်(၂)ဦးသာ ထွက်ခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းချက်များချိုးဖောက်ပါက အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ မြို့ဝင် မြို့ထွက်နှင့် မြို့တွင်းပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ရွေ့လျားစနစ်ကို ကျင့်သုံးကာ မြို့တွင်းလှည့်လည်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

#MRTV