ချင်းပြည်နယ်အတွင်းရှိ COVID-19 လူနာ(၁၀)ဦးအနက် (၉)ဦးပြန်လည်ကျန်းမာပြီး လက်ရှိတွင် လူနာ(၁)ဦးသာ ကုသမှုခံယူလျက်ရှိ

ချင်းပြည်နယ် ၃၀ ဇွန်

 

ချင်းပြည်နယ် ဟားခါးပြည်သူ့ဆေးရုံကြီးနှင့် တီးတိန်ပြည်သူ့ဆေးရုံတို့တွင် ကုသမှုခံယူသည့် COVID-19 လူနာ(၁၀)ဦးရှိခဲ့ရာမှ လူနာ(၉)ဦးမှာ ​ပြန်လည်ကျန်းမာလာပြီဖြစ်သည့်အတွက် လက်ရှိတွင် COVID-19 လူနာတစ်ဦးသာ ကျန်ရှိကြောင်း သိရှိရပါသည်။

 

ချင်းပြည်နယ်ရှိ COVID-19 လူနာ(၁၀)ဦးအနက် (၇)ဦးမှာနိုင်ငံခြားမှ ပြန်လာကြသူများဖြစ်ကြပြီး (၃)ဦးမှာပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများဖြစ်ကြကြောင်း သိရှိရပါသည်။ တီးတိန်မြို့နယ်အတွင်းမှ ပိုးတွေ့လူနာ(၇)ဦးအား တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုပေးခဲ့ခြင်းဖြစ်ကာ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့မှ ပိုးတွေ့လူနာ(၃)ဦးတို့အား ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းပိုးတွေ့လူနာ (၁၀)ဦးထဲမှ(၉)ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်သည့်အတွက် လက်ရှိတွင် ချင်းပြည်နယ်အတွင်းတွင် ဟားခါးပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေသည့် Case(232)လူနာတစ်ဦးသာ ကျန်ရှိကြောင်းနှင့် ၎င်း၏ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံ၏ ပြောကြားချက်အရ သိရှိရပါသည်။

 

ဇွန်လ(၂၉)ရက်အထိ ချင်းပြည်နယ်အတွင်း Home Quarantine ပြီးဆုံးသူ(၁၃၉၂)ဦး၊ Facility Quarantine ပြီးဆုံးသူ(၉၇၀)ဦးရှိပြီး ဇွန်လ(၃၀)ရက်နေ့အထိ Home Quarantine ခံယူသူ(၆၈)ဦး၊ Facility Quarantine ခံယူသူ(၁၆၆)ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး၏ ပြောကြားချက်အရ သိရှိရပါသည်။

 

Crd > MRTV