ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ် မင်းတပ်မြို့၊ မြို့မဈေးသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၌ အသစ်တည်ဆောက်ပြီးစီးသွားသော မြို့မဈေးသစ်အဆောက်အဦဖွင့်ပွဲ ကို ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီက စံပြရပ်ကွက်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးအောင်သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ခရိုင်စီမံခန့်ခွဲမှ ုကော်မတီဥက္ကဌ ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးစိုးလွင်၊ မြို့မိမြို့ဖ ဦးနိုင်းကီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
 
 
ဆက်လက်၍ မြို့မဈေးသစ် အဆောက်အဦဖွင့်ပွဲ အထိမ်းအမှတ်အလံများကို တာဝန်ရှိသူအသီးသီးထံ ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေးသစ်ရှိဖွင့်လှစ်ထားသည့် ဆိုင်များအားလှည့်လည် ကြည့်ရှုကြသည်။
 
 
အဆိုပါ မြို့မဈေးကြီးတည်ဆောက်ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုသီးသန့် ရန်ပုံငွေ ကျပ် (၃၁၅.၈) သန်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကျပ် (၁၈၄.၂) သန်း၊ ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေကျပ် (၃၀၀) သန်း၊ စုစုပေါင်း ကျပ် (၈၀၀) သန်းဖြင့် အဆောက် အဦအမျိုးအစား RC (၂) ထပ်ခွဲ သန့်စင်ခန်း၊ အမှိုက်ပုံးများနှင့် ရေမြောင်းများကိုပါ စနစ်တကျဆောင်ရွက် တည်ဆောက်ထားပြီး ရေ၊ မီး ရရှိရေးကိုပါ ဆောင်ရွက်ထားကြောင်း သိရသည်။
 
 
မင်းတပ်မြို့၏ အချက်အချာကျသည့်နေရာတွင် အဆင့်မီဈေးသစ်ကြီး တည်ဆောက်ပေးသဖြင့် နိုင်ငံတော်အပေါ်များစွာ ကျေးဇူးတင်မိပါကြောင်း မြို့မိမြို့ဖတစ်ဦးကပြောကြားသည်။
 
 
(ခရိုင်ပြန်/ဆက်)