ချင်းတိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ်ကောင်းသော အမည်ပေးခြင်းနှင့် ရိုးရာဓလေ့

မင်းလပြည့် (ဟားခါး)

မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသတွင် နေထိုင်သော ချင်းတိုင်းရင်းသား များ၏ ကလေးနာမည်ပေးပုံမှာ စိတ်ဝင်စားဖွယ် တစ်မူထူးခြားလှပါသည်။ ချင်းလူမျိုးများက အတောင့်တဆုံးအရာ သုံးခုရှိသည်။ ၎င်းတို့မှာ “သားဦးရတနာ၊ သေနတ်၊ အိမ်ကောင်းကောင်း” ဟူ၍ဖြစ်သည်။ သားဦးသည် မိမိ၏ အမည်ကို ခေတ်အဆက်ဆက် ယူဆောင်သွားမည့်သူဖြစ်၍ အမွေစားအမွေခံလည်းဖြစ် သည်။ ထို့အပြင် သားဦး၊ သမီးဦး၏အမည်ကိုသုံး၍ မိဘတို့အား၊ အမေ၊ အဖေ စသည်ဖြင့် ခေါ်ဆိုလေ့ရှိ၏။ သားအမည်သည် ထလာအုပ်ဖြစ်ပါက ‘ထလာအုပ် အဖေ၊ ထလာအုပ်အမေ’ သို့မဟုတ် ‘အုပ်သဲပါး၊ အုပ်သဲနူး’ စသည်ဖြင့် ခေါ်လေ့ရှိ သောကြောင့် သားဦး၊ သမီးဦး၏ အမည်သည် နာမည်ကောင်းရှိဖို့ အလွန် အရေးကြီးသည်။

ထင်ရှားကျော်ကြားခြင်းဖြင့် အမည်ကိုရွေး

မြန်မာလူမျိုးများ၏ နာမည်ယူပုံမှာ မွေးသောနေ့ကိုလိုက်၍ မှည့်ရ၏။ တနဂင$2ွေသားသမီးများသည် ‘အ’ အမည်ပါရှိရ၏။ သောကြာသားသမီးဆိုလျှင် ‘သ’ ‘ဟ’ အက္ခရာကို ဦးတည်နာမည်မှည့်ကြသည်။ ချင်းလူမျိုးများမှာမူ နာမည်ပေးသူသည် သူ၏ရပ်တည်မှု သို့မဟုတ် နာမည်ပေးသောသူတို့၏ ဘဝရပ်တည်မှုကို ချင့်ချိန်၍ သူတကာထက်မြင့်ခြင်း၊ နိမ့်ခြင်း၊ ရွှေ၊ ငွေများ ကိုင်တွယ်နိုင်ခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ သားကောင်များများ ပစ်သူဖြစ်ခြင်း၊ ပညာတတ်ဖြစ်ခြင်း စသည်ဖြင့် ထင်ရှားကျော်ကြားခြင်းဖြင့် အမည်ကိုရွေး၍ ပေးကြကြောင်း သိရသည်။

အမည်ပေးခြင်းနှင့်ပတ်သက်၍ ဘိုးဘေးတို့၏ စိတ်ထားသည် အလွန်ရိုး သားသည်။ အတုယူစရာ များစွာရှိပါသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အောက်ကျနောက်ကျဖြစ်ခြင်းကို မဖုံးကွယ်ပေးရခြင်း၏ အဓိပ္ပာယ်ကို ကြည့်ခြင်း ဖြင့် ပေါ်လွင်စေသည်။ ရွှေ၊ ငွေ မသုံးနိုင်သူများက ရွှေ၊ ငွေ ပါသောအမည်မပေးကြ ရပေ။ စာမတတ် ပညာမရှိသူများက ‘စာ’ ပါသော စကားလုံးသုံး၍ မပေးကြ။ ခွန်အားမတောင့်တင်း၊ ပိုက်ကွင်းတွင် နာမည်မရှိဘဲ ‘ခွန်အား’ ပါသော စကားလုံး မပေးကြပါ။ မကိုင်တွယ်၊ မသုံး၊ မတတ်သိသောအရာကို တတ်သိသောသူကဲ့သို့ သုံး၍နာမည်မပေးကြပါ။ ထိုသို့ပေးမိပါက ပတ်ဝန်းကျင်၏ အပြောခံရသည်။သားတိရစ္ဆာန်တစ်ကောင်မှ မပစ်သတ်ဖူးသူက သားကောင်ပစ်သည်ဟု ပေးပါက မျက်နှာမထားတတ်အောင် ဝေဖန်ခြင်းခံကြရသည်။ ကလေးနှင့်မလိုက်အောင် ကြီးကျယ်သော အမည်ကို ပေးပါကလည်း အသက်တိုတတ်သည်ဟု ယူဆကြ သည့် ဓလေ့ရှိသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

သားဦးကို ဦးစားပေး

နာမည်ပေးခြင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်တောင်ပိုင်း မတူမျိုးနွယ်စု တို့တွင် သားယောကျာ်းကို အထွက်အမြတ်ထားသည်။ သားဦးကို ဦးစားပေး သည်။ မိဘအမွေ အဓိကဆက်ခံသူဖြစ်သည်။ လယ်၊ ယာ၊ စပါး၊ ကျီ၊ သေနတ်တို့ အမွေခံသည်။ သားထွေးကအိမ်ကိုဆက်ခံပြီးမိဘနှစ်ပါးကို ကြည့်ရှုစောင့်ရှောက် သည်။ ကလေးမွေးဖွားပြီး တစ်ပတ်အကြာမှ နာမည်ပေးလေ့ရှိသည်။ ရှေးအခါက ရေဘူးထဲတွင် ရေထည့်ကာ နာမည်အော်ပြောပြီး ဆန်လုံးထည့်သည်။ ဆန်လုံး သည် အောက်သို့မကျပါက အသစ်ပြန်မှည့်သည်။ နာမည်မှည့်ပြီး အကြိမ်ကြိမ်ဖျားနေပါက နာမည်ပြောင်းပေးရသည်။ ကလေးမွေးဖွားသည်နှင့် တစ်လမပြည့်ခင် သေတ္တာဖွင့်ပိတ်ခြင်းမပြုရပေ။ သေတ္တာပြန်ဖွင့်၊ ပြန်ပိတ်ပါက ကလေးလိပ်ပြာ သေတ္တာထဲသို့ဝင်မိပြီး ကလေးအသက်ရှူမဖြောင့်ဟု ယူဆကြ သည်။ ယောကျာ်းအမည်ကား သေဆုံးသူတို့၏အမည်ကို ပြန်မှည့်ရသည်။ သတိတရရှိသည့်အနေဖြင့် နာမည်ပြန်မှည့်ခြင်းဖြစ်သည်။ လင်မယားမိသားစု အချင်းချင်း တိုင်ပင်ညှိနှိုင်းပြီးမှ မှည့်ခေါ်ထားခြင်းဖြစ်သည်။
မိန်းကလေးကိုလည်း သေဆုံးသူမိခင်ဘက် အမျိုးဘက်၊ အမျိုးတော်စပ် သည့် မိခင်အမည်များအား ပြန်မှည့်ရသည်။ ပန်းအမည်များကိုလည်း အဓိက မှည့်ခေါ်သည်။ ရိုင်ဗန်း၊ ရိုင်ဆုန်း၊ ရိုင်ကစ်၊ ထိမ်ဝေါလ်း၊ ယတ်ဒါး၊ ဒစ်မိုင်း၊ ရိုင်မွေး စသည်တို့ကား သစ်ခွပန်း၊ သဇင်ပန်း၊ ငွေပန်း စသည့် အမည်များပင်ဖြစ်သည်။ ယောကျာ်းများသည် လိပ်ပြာခုနစ်ခု၊ မိန်းကလေးများသည် ငါးခုရှိသည်ဟု ယူဆကြသည်။ ယောကျာ်းများသည် မိဘအမွေဆက်ခံသူ၊ ရပ်ရွာစောင့်ရှောက်သူ၊ အမျိုးဂုဏ်မြှင့်တင်သူ၊ မျိုးရိုးဆက်ခံသူဖြစ်သည်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ မိန်းကလေးများသည် အိမ်ထောင်ကျပြီးသည်နှင့် အခြားအမျိုးဖြစ်သွား သည်။ နယ်ခံမဟုတ်တော့သည့်သဘောမျိုးဖြစ်သည်။ အမွေဆက်ခံခွင့် လုံးဝမရှိ ပေ။ အိမ်ထောင်ကျပါက မိခင်ဘက်မှပါလာသော လက်ဝတ်လက်စားများသာ ပါလာပေသည်။ မိန်းကလေးတို့အား အရေးကြီးသော လျှို့ဝှက်ချက်များအား မပြောကြပေ။

မျိုးနွယ်စုကို ထိန်းသိမ်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်တွင်နေထိုင်သော တိုင်းရင်းသားမျိုးနွယ် စုများတွင် အမည်ပေးပုံမှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ သာဓကအားဖြင့် ဖခင်အမည်မှာ ကီးလိန်းမောင်းဖြစ်ပါက သားဖြစ်သူက ဖခင်အမည် လိန်းမောင်း အားယူ၍ အခြားကောင်းသောနာမည်တစ်ခုကိုထည့်၍ မှည့်လေ့ရှိသည်။ သာဓက အားဖြင့် သားဖြစ်သူအမည်မှာ လိန်းမောင်းမန် သို့မဟုတ် အခြားအမည်မှည့်လေ့ရှိ သည်။ ဖခင်ကီးလိန်းမောင်းတွင် သမီးရှိပါက သမီးအမည်ကို ဖခင်အမည် လိန်းမောင်းကိုပြန်ယူ၍ လိန်းမောင်းစိမ်းဟု အမည်ပေးနိုင်သည်။ တစ်နည်းအား ဖြင့် မိဘ၏အမည်ကို မျိုးရိုးအစဉ်အလာအရ မှည့်ခေါ်ခြင်းဖြင့် မျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်သည့် ချစ်ဖွယ်ကောင်းသော အမည်မှည့်ခြင်းဟု ခေါ်ဆို နိုင်ပါသည်။

နာမည်မှည့်ရာတွင် ချင်းတိုင်းရင်းသားတို့၏ ရိုးရာအရ မကောင်းသော အမည်၊ အတိတ်နိမိတ်မကောင်းသောနာမည်များကိုလည်း ရှောင်ရှားကြသည်။ ဥပမာ- ရှုံးနိမ့်၊ ဆုံးရှုံး၊ ဆုံးမြဲ စသည်တို့ဖြစ်သည်။ တစ်ခါက ရွာတစ်ရွာတွင် သူငယ်ချင်းတစ်ယောက်သည် အိမ်ဆောက်လျက်ရှိရာ သွပ်ပြားမိုးနေပြီဖြစ် သည်။ ကြမ်းပြင်ခင်းဖို့သာ ကျန်တော့၏။ ထိုညနေတွင် အစိုးရဝန်ထမ်းတစ်ဦးသည် ထိုအိမ်၌တည်း၏။ အိမ်ပိုင်ရှင်သည် အိမ်ကို အားလုံးကိုပြန်ဖြိုဖျက်ပြီး အစမှ ပြန်ဆောက်ရသည်။ အကြောင်းမှာ ဧည့်သည်၏ အမည်သည်မကောင်း၊ အိမ်သစ် ဆောက်နေချိန် နာမည်ကောင်းဖြစ်ရန်လိုအပ်၏။ ဧည့်သည်ရဲ့သား၏အမည်သည် လျမ်းကျင်း “ဒဏ်တပ်ခံရသည်” ဟူသော အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

အလွန်မွန်မြတ်သောအရာ

နာမည်ပေးခြင်းနှင့်ပတ်သက်၍ ပေးသူအနေဖြင့်လည်းကောင်း အမည်ပိုင် ရှင်အနေဖြင့်လည်းကောင်း၊ မိမိအမည်သည် အဓိပ္ပာယ်ကောင်းပါသည်ဟု ယူဆ တတ်ကြသည်။ အယူသည်းသောသူများလည်း အနည်းနှင့်အများ ရှိတတ်ကြ သည်။ အသင်သည် ချင်းတောင်တစ်ခွင်တွင် ခရီးသွားရောက်၍ အိမ်အသစ်၌ တည်းခိုသည်ဆိုပါအံ့။ ထိုအိမ်သားများက ပထမဦးဆုံးအမည်နှင့် မိသားစု အကြောင်းကို မေးကြမည်ဖြစ်သည်။ ဝန်ထမ်းရာထူးကြီးဖြစ်သော်ငြားလည်း၊သူဌေးပင်ဖြစ်သော်ငြားလည်း ရုပ်ချောသူဖြစ်သော်ငြားလည်း၊ ဆွေမျိုးတော်သူ ဖြစ်သော်ငြားလည်း နာမည်ကောင်းသူမဖြစ်လျှင် စိတ်ကသိကအောက်ဖြစ်ကြရ သည်။ သို့သော် နာမည်ကောင်းသူဖြစ်လျှင် ကြက်မဝဝတစ်ကောင်သတ်၍ ခေါင်အိုးတည်လျက် အိမ်နီးနားများကိုခေါ်ယူ၍ ခေါင်ရည်ဖြင့် ကြိုဆိုဧည့်ခံကြ မည်ဖြစ်ပါသည်။ နိုင်ငံခြားအဆင့်တွင် ကြက်၏တန်ဖိုးသည် အနိမ့်ဆုံးဖြစ်သော် လည်း ချင်းလူမျိုးများအတွက် မိမိအိမ်တွင် ဝဝလင်လင်မွေးရသော ကြက်မ သတ်၍ ခေါင်ရည်အိုးကြီးကြီးတည်ခင်းလျက် ဧည့်ခံခြင်းသည် အလွန်မွန်မြတ် သောအရာဖြစ်သည်။ ကြက်သတ်၍ ခေါင်အိုးဖြင့်ဧည့်ခံခြင်းသည် မျက်နှာကြီး လူကြီးသူများ၊ အလွန်ချစ်ခင်သော မိတ်ဆွေနှင့် ဆွေမျိုးများအတွက်သာ ပြုလုပ် ပေးလေ့ရှိသော ဧည့်ခံပွဲဖြစ်သည်။

အမည်ပေးပုံ၊ မှည့်ပုံအကြောင်းနှင့် ချင်းလူမျိုးများက ဘာသာရေးတွင် ဖခင်ဟု ခေါ်ခံရသူ သိက္ခာတော်ရဆရာ ဒေါက်တာဗန်ဘိခ်ကို မေးမြန်းရာ ၎င်းက ဖြေကြားသည်မှာ “ချင်းလူမျိုးတို့ရဲ့ နာမည်ပေးပုံမှာ နှစ်လုံးသာဖြစ်ပါတယ်။ ယနေ့ အမည်နှစ်လုံးမှည့်ရန် စာလုံးရွေးဖို့ကုန်သွားလို့ သုံးလုံး၊ လေးလုံးပေးကြ ခြင်းဖြစ်တယ်”ဟူ၍ ပြောဆိုသည်။ နာမည်ပေးလေ့ပေးထရှိသော စကားလုံး နှစ်လုံးထက်ပို၍ လေးငါးလုံးအထိပေးကြရသည်ကို ယခုခေတ်တွင် တွေ့မြင်နေ ပေသည်။

နှမြောစရာကောင်းလွန်းလှ

နာမည်မှည့်ပြီး နာမည်အသုံးမပြုရပါက နှမြောစရာကောင်းလွန်းလှပေ သည်။ ထို့အပြင် မိမိနာမည်ကောင်းကောင်းရှိသော်လည်း ချစ်စနိုးဖြင့်ခေါ်သော အမည်ဖြင့် တစ်သက်လုံးခေါ်ရသည်ကလည်း နှမြောစရာရှိပြန်သည်။ နာမည် ကောင်းပျောက်သွားနိုင်ပါသည်။ ဥပမာအားဖြင့် ဆာနီ၊ ထန်ဇလျန်၊ မန်အုပ်ထန် တို့ဖြစ်သည်။

မိမိနှင့်ဖခင်တို့၏ အမည်ရင်းများ၊ ဘာသာရေးအမည်၊ မိမိမျိုးနွယ်အမည်နှင့် မိမိ၏လက်ရှိအမည်ပေါင်း၍ မှည့်မည် ဆိုပါက ရေးရန်စာလုံးများလှသည်လည်းရှိသည်။ အမည် ပေးခြင်းနှင့်ပတ်သက်၍ မည်မျှပင်စာလုံးများပြားစေကာမူ အမည်ရှင်၏သဘောဖြစ်၍ ပြဿနာမရှိပေ။

ဦးလိုင်လင်းဆိုသူက အမည်နှင့်ပတ်သက်၍ ရေးသား ရာတွင် “ယနေ့ ချင်းနာမည်ရှည်ရှည်များ ဆက်လက်မှည့် ဦးမည်ဆိုပါက အမည်ပေးသူမိဘများအား အပြစ်တင်ကြ မည်မှာ မလွဲပါ။ နာမည်မကောင်းသောသူက လာရောက် လည်ပတ်ခြင်းရှိပါက မိမိလုပ်ဆောင်ရမည့် အစီအစဉ်ရေးဆွဲ ပြီးသည့် ဇယားများကိုပင် ပြောင်း၍ပြင်ဆင်ရလေ့ရှိသည်” ဟုဆိုသည်။ ထိုကဲ့သို့ အယူသည်းခြင်းကို ဘာသာရေးအရ ခေတ်မမီတော့ဟု ဆိုနိုင်ပါသည်။ သို့သော် မိမိလူမျိုး၏ လိုက်နာကျင့်သုံးသော ဓလေ့ထုံးတမ်းစဉ်လာကို အားလုံး ပစ်ပယ်၍မရကြောင်း အများကလက်ခံလျက်ရှိကြပါသည်။ မေးခွန်းပေါင်းများစွာ ရှိနိုင်သည်။ နာမည်ကောင်းကိုသာ ရွေး၍မှည့်လိုပါသည်ဆိုလျှင် မှည့်လိုသောစကားလုံး ပေးနိုင်မည့် လူကြီးကိုရှာပြီး နာမည်မှည့်ခိုင်းလျက်ရှိကြပေ သည်။

မှည့်ခေါ်အသုံးပြု

ယခုအခါ လူအများရောထွေး၍ အတူနေထိုင်လာကြ သောအခါ မိမိကလေးကို လူမျိုးခြား၏အမည်များ ပေး တတ်ကြသည်။ ချင်းတိုင်းရင်းသားအမည်အစား လူမျိုးခြား အမည်ကိုယူရန် တိုက်တွန်းသူလည်း ရှိလာကြသည်ကို တွေ့ရှိရသည်။ တိုးတက်ပြောင်းလဲလာသောခေတ်တွင် ရှေးဘိုးဘွားဘီဘင်ခေတ်ဟောင်း၌ မှည့်ခေါ်အသုံးပြုခဲ့သော စကားလုံးများသည် ယခုအခါ အသုံးမပြုသည်များလည်း ရှိလာသည်။ ဥပမာအားဖြင့် ထလူလ်း၊ ထလာမ်၊ ခွီ၊ ဗိုက်၊ ပဲန်း စသည့် အမည်များဖြစ်ပါသည်။ ရာသီဥတုကို တင်စား သော မေ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စသည့် အမည်များ၊ ရောက် သည့်အရပ် Singapore ၊ Washington စသည်များအပြင် ကိုင်တွယ်လေ့ရှိသော ပစ္စည်းအမည်များဖြစ်သော platinum ၊ Seiko နှင့် Rolex စသည်တို့မှာ လူနာမည်ဖြစ်လာပြီ ဖြစ်သည်။ နောင်အခါတွင်လည်း ခေတ်တိုးတက်လာသည် နှင့်အမျှ ဆက်လက်၍ မှည့်နေကြဦးမည်သာ ဖြစ်ပါသည်။

ချင်းတိုင်းရင်းသားတို့သည် မျိုးနွယ်စုများပြားသည့် အပြင် ရိုးရာယဉ်ကျေးမှုများမှာလည်း စိတ်ဝင်စားဖွယ် ကွဲပြားခြားနားလျက်ရှိပါသည်။ လူ့ဘဝတွင် နာမည်သည် အရေးပါသောကြောင့် မိဘများက သားသမီးများအပေါ် ချစ်မြတ်နိုး၍သော်လည်းကောင်း၊ ခေတ်ဆန်ခေတ်မီလို၍ လည်းကောင်း၊ နာမည်ပေးစေကာမူ မျိုးနွယ်စုအလိုက် တိုင်းရင်းသားတို့၏ အမည်ကိုပစ်ပယ်၍ အမည်သွေဖည် မှည့်ခြင်းကို နှစ်သက်ကြမည်မဟုတ်ပေ။ အရိုးပေါ်အရွက် မဖုံးစေရန် မိမိလူမျိုး၏အမည်ကို ထိန်းသိမ်းမှသာ လူမျိုး အပေါ် ချစ်ခင်သစ္စာရှိရာကျမည်ဖြစ်သောကြောင့် မျိုးချစ် စိတ်ဓာတ်ရှိသော ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ အဘိုး၊ အဘွားများနှင့် သက်ရှိထင်ရှား မိဘများက လူမျိုးစုအလိုက်၊ ရိုးရာအလိုက် သားသမီးများကို မြတ်နိုးစွာဖြင့် စိတ်ဝင်စားဖွယ်ကောင်း သော၊ တင့်တယ်ကြီးမြတ်သော နာမည်များကို ရိုးရာမပျက် လက်ဆင့်ကမ်း၍ မှည့်ပေးနေကြဦးမည်မှာ အသေအချာ ဖြစ်ပါတော့သည်။

မှီငြမ်း

စတီဗဲန်နီကိယို၏ ချင်းယဉ်ကျေးမှုဓလေ့ထုံးတမ်း
အွန်လားဘိခ် (မတူပီ)၏ ဆွေးနွေးပြောကြားချက်
လိန်းမောင်းမန် (မင်းတပ်)၏ ဆွေးနွေးပြောကြားချက်