ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တစုန်းနုတ်လုပ်ငန်းများကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် တစုန်းနုတ်ခြင်းလုပ်ငန်းများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး နုတ်ယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး) မှ သိရသည်။

 

မိုးရာသီ မြစ်ရေကြီးချိန်တွင် သစ်တောများအတွင်းမှ စီးမျောလာသော သစ်ပင်၊ သစ်ကိုင်းများ မြစ်ကြမ်းပြင်တစ်လျှောက်တွင် တင်ကျန်ရစ်ခဲ့သော တစုန်းငုတ်များကို မြစ်ရေ နည်းပါးချိန်များတွင် မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိသော လူစီးအမြန် ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ တစုန်းနုတ်ရေယာဉ် တနရ(၂)ဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

 

''တစုန်းနုတ်တဲ့ လုပ်ငန်းကိုတော့ နှစ်ဦးပိုင်းမှာ စတင်လုပ်ဆောင်မှာပါ၊ အခု အခြေအနေကတော့ တစုန်း နှုတ်ရေယာဉ်ကို ကြံ့ခိုင်းရေးပိုင်းတွေ ပြန်စစ်ဆေးနေပါပြီ၊ အခုနှစ်ကတော့ မုံရွာကနေစပြီး အထက်ပိုင်းကို နှုတ်သွားမှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်စိုးက ပြောသည်။

 

အဆိုပါ တစုန်းနုတ်လုပ်ငန်းအဖြစ် ဇန်နဝါရီလအတွင်း မုံရွာမှ မော်လိုက်အထိ လည်းကောင်း၊ ဖေဖော်ဝါရီလအတွင်း မော်လိုက်မှ ဟုမ္မလင်း အပိုင်းကိုလည်းကောင်း နုတ်သိမ်းသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်စိုး၏ ပြောကြားချက်အရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)