ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများ ထုတ်ချေးပေး

ခင်ဦး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ကျေးရွာမတည်ရန်ပု့ငွေစီမံကိန်း(VRFP)ချေးငွေများ ထုတ်ချေးပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်၊ ယနေ့ နံနက် ၁၀ နာရီက ခင်ဦးမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ခြံကျေးရွာရှိ ဒေသခံပြည်သူများကို ဒုတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ခင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဦး က   Video Call  စနစ်ဖြင့် ကျေးရွာနေပြည်သူများကို တွေ့ဆုံပြီး စီမံကိန်း ချေးငွေနှင့် ပတ်သက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကိစ္စများ ၊ စီမံကိန်းလုပ်ငန်း အောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် အချက်များနှင့် ကိုဗစ် - ၁၉ ကာလ ရောဂါကူးစက်မှု မဖြစ်စေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ အလေးထားလိုက်နာ ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားသည်။ 

ထို့နောက် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းသားများက ကျေးရွာမတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေး နွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ညောင်ပင်ခြံကျေးရွာရှိ ဒေသခံပြည်သူများ ဒုတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၀)ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၄)ဦး ၊ ကုန်ထုတ်လုပ်ငန်း(၂)ဦး ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး ၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသားဦးရေ ၅၇ ဦးအတွက် စီမံကိန်းချေးငွေကျပ် ၂၀၆ သိန်း အား စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြသည်။

ခင်ဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ (Type – 1)အဆင့် ကျေးရွာ(၅)နှင့် (Type – 2)အဆင့် ကျေးရွာ(၁)ရွာ ၊ စုစုပေါင်း ကျေးရွာ(၆)တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့်(Type – 1)အဆင့်ကျေးရွာ အား တစ်ရွာလျှင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးပြီး (Type – 2)အဆင့်ကျေးရွာအား စီမံကိန်းရန်ပုံငွေ သိန်း ၂၀၀ ထုတ်ချေး၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ခင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး ထံမှ သိရသည်။  

ရဲဝင်းနိုင်