ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲများ ပါဝင်နေသည့် MNL ပွဲစဉ် (၁၉)

၂၅ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၉) ကို စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲများ ပါဝင်နေသည်။

ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည့် အသင်းသုံးသင်း၏ ရုန်းကန်မှုများကို ဆက်လက်တွေ့မြင်ရမည်ဖြစ်သည်။ ပွဲစဉ် (၁၉) အဖြစ် စက်တင်ဘာ ၂၆ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် မကွေးအသင်း၊ YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် ရတနာပုံအသင်း၊ စက်တင်ဘာ ၂၇ ရက်တွင် YUSC ကွင်း၌ Southern အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ အားကာသိပ္ပံအသင်းနှင့် ရခိုင်အသင်း၊ ပဒုမ္မာကွင်း၌ ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲစဉ် (၁၈) အပြီးတွင် ဟံသာဝတီအသင်းက ရမှတ် ၄၀ ဖြင့် ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဧရာဝတီအသင်းက ၃၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၈ မှတ်၊ ရန်ကုန်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၁၉ မှတ်၊ ရခိုင်အသင်းက ၁၈ မှတ်၊ စစ်ကိုင်းအသင်းက ၁၆ မှတ်၊ မကွေးအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက ခုနစ်မှတ်တို့ ရရှိထားသည်။

လက်ရှိအနေအထားအရ ချန်ပီယံဆုအတွက် ရမှတ် ၄၀ ရထားသည့် ဟံသာဝတီအသင်း၊ ၃၉ မှတ်ရထားသည့် ဧရာဝတီအသင်းနှင့် ၃၈ မှတ်ရထားသည့် ရှမ်းယူနိုက်တက်အသင်းတို့ မျှော်လင့်ချက်ရှိနေသည်။ ပွဲစဉ် (၁၈) တွင် ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သည့် ဧရာဝတီအသင်းသည် ယခုတစ်ပတ်တွင် ရှုံး၍မရသည့် အနေအထားဖြစ်သွားခဲ့ပြီး အနိုင်ရမှသာ ချန်ပီယံဆုမျှော်လင့်နိုင်မည့် အခြေအနေဖြစ်သွားခဲ့သည်။ ထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် မကွေးကိုအနိုင်ရပါက တနင်္ဂနွေနေ့တွင် ကစားရမည့် ဧရာဝတီအသင်းအနေဖြင့် အနိုင်ရရန် လိုအပ်မည်ဖြစ်ပြီး ရှုံးပွဲကြုံတွေ့ပါက ချန်ပီယံဆုမျှော်လင့်ချက် အဆုံးသတ်သွားမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်နှစ်ပွဲတွင် ဇယားထိပ်ပိုင်းမှ အသင်းများနှင့် မတွေ့ဆုံသောကြောင့် ကျန်နှစ်သင်းထက် ပွဲပိုချောင်နေသော်လည်း ချန်ပီယံဆုကာကွယ်နိုင်ရန် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရန် လိုအပ်သလို ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့၏ ခြေချော်မှုကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ ကိုးပွဲဆက်အနိုင်ရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ယခုတစ်ပတ်တွင် Southern အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်သုံးမှတ်အပြင် ဂိုးများများသွင်းယူနိုင်ရန်လည်း လိုအပ်နေသည်။ ဧရာဝတီအသင်းသည် အဆင့် ၄ နေရာမှ ရန်ကုန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ပွဲကျပ်တစ်ပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် မကွေးကိုအနိုင်ရပါက ချန်ပီယံဆုအတွက် အလားအလာ ပိုကောင်းသွားမည်ဖြစ်ပြီး ဧရာဝတီနှင့်နောက်ဆုံးပွဲတွင် ရေကုန်ရေခမ်းကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်