ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးနှင့် အေဂျက်စ် တို့ အပြန်အလှန် သွင်းဂိုးများဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့

၆ နိုဝင်ဘာ

 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များကို အင်္ဂါနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု (H) ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် အေဂျက်စ်အသင်းတို့၏ ပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးများဖြင့် တစ်ဖက် လေးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

 

အေဂျက်စ်အသင်းမှာ ပွဲအစ ၂ မိနစ်တွင် အေဘရာဟမ်၏ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲချိန် ၄ မိနစ်တွင် ချယ်လ်ဆီးအသင်း ပင်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ရာ ယင်းပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းပြီး ချယ်လ်ဆီးအသင်း ချေပဂိုးပြန်လည် ရရှိခဲ့သည်။ ယင်းနောက်ပိုင်းမှာ အေဂျက်စ်အသင်းက ဦးဆောင်ဂိုးတွေ ဆက်တိုက်ရရှိခဲ့သလို ပွဲချိန် ၂၀ မိနစ်တွင် ပရိုမက်စ် နှင့် ပွဲချိန် ၃၅ မိနစ်တွင် ချယ်လ်ဆီးအသင်းဂိုးသမား ကယ်ပါက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းကြောင့် ပထမပိုင်းတွင် အေဂျက်စ်အသင်းက တစ်ဂိုး သုံးဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။

 

ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်း ချေပဂိုးတွေ ပြန်လည်ရရှိဖို့ ကြိုးစားခဲ့သော်လည်း ပွဲချိန် ၅၅ မိနစ်တွင် ဗန်ဒယ်ဘီခ်က အေဂျက်အသင်းအတွက် စတုတ္ထသွင်းဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ချယ်လ်ဆီးအသင်း တိုက်စစ်ဖွင့် ကစားခဲ့ရာမှ ပွဲချိန် ၆၃ မိနစ်မှာ  အက်ဇ်ပီလီကျူတာက ဒုတိယ ချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၆၈ မိနစ်မှာ အေဂျက်စ် အသင်းဘက်မှ ဘလင်းနှင့် ဗဲလ်မန်းတို့ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို ချယ်လ်ဆီးအသင်း ပင်နယ်တီ ထပ်မံရရှိခဲ့သည်။ ယင်းပင်နယ်တီကိုလည်း ဂျော်ဂျင်ဟိုက ကန်သွင်းကာ ချယ်လ်ဆီးအသင်း တတိယသွင်းဂိုး ထပ်မံရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းအတွက် သရေကျစေမည့် ဂိုးကို ပွဲချိန် ၇၄ မိနစ်တွင်  လူငယ်ကစားသမား ရီဆီဂျိမ်းစ်က သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက် လေးဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

 

ချန်ပီယံလိဂ် အုပ်စု (H) မှာ ချယ်လ်ဆီး၊ အေဂျက်စ်နှင့် ဗလင်စီယာ အသင်းတို့မှာ ရမှတ် ၇ မှတ်စီရရှိကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အပြိုင်ဖြစ်နေခဲ့သည်။

 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) ရလဒ်များ

 

ဇင်းနစ် ဝ - ၂ လိုက်ပ်ဇစ်

ဘာစီလိုနာ ဝ - ဝ ဆလားဗီးယားပရပ်ဂ်

လီဗာပူးလ် ၂ - ၁ KRC ဂျန့်

နာပိုလီ ၁ - ၁ ဆာလ်ဇ်ဘာ့ဂ်

လိုင်ယွန် ၃ - ၁ ဘင်ဖီကာ

ဒေါ့မွန် ၃ - ၂ အင်တာမီလန်

ချယ်လ်ဆီး ၄ - ၄ အေဂျက်စ်

ဗလင်စီယာ ၄ - ၁ လိုင်လီ

 

MDN