ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ၁၂ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) က ကြီးမှူးကျင်းပသည့် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ်(၄၈)ရပ်ကွက်၊ ပြည်ချမ်းသာလမ်းရှိ ယုံကြည်သူများ အသင်းတော်(BCM)ဌာနချုပ်၌ ကျင်းပသည်။

 

1

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) နာယက၊ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယုံကြည်သူများအသင်းတော် (BCM) မှ လူငယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားကို ယုံကြည်သူများအသင်းတော်(BCM)မှ လူငယ်များက လောကဝမ်းမြောက် ဘုရားကြွလာ အဖွင့်ဓမ္မသီချင်းကို သီဆိုဖွင့်လှစ်ပေးပြီး သိက္ခာတော်ရ ဆရာ ဆွမ်ဇပေါင်က အဖွင့်ဆုတောင်းပေးသည်။

 

ထို့နောက် မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာ အေးမင်းနှင့် နာယကဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒေါက်တာ စီကေနိုချွမ်းတို့က နှုတ်ခွန်းဆက်မိတ်ဆက်စကား ပြောကြားပြီး Miss Jennifer Ngun Sui Par က အထူးသီချင်းကို တစ်ပင်တိုင် သီဆိုချီးမွှမ်းသည်။

 

 

7

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “မိမိတို့နိုင်ငံတွင် ကိုးကွယ်မှုဘာသာတရား မတူညီသူ နိုင်ငံသားအချင်းချင်း အတူယှဉ်တွဲနေထိုင်ရန် အရေးကြီးသည့်အချက်မှာ အချင်းချင်း အပြန်အလှန်နားလည်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှုတို့ပင်ဖြစ်ကြောင်း၊ မတူညီသည့် အချက်များကိုညှိနှိုင်းပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဆိုလျှင် ဘာသာဝင်အားလုံး စည်းလုံးညီညွှတ်မှုရရှိပြီး မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) အထွေထွေအတွင်းရေးမှူး  သိက္ခာတော်ရ ဆရာ ဒေါက်တာမောရစ်လျန်နာက မိတ်ဆက် စကားပြောကြားပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ခရစ္စမတ် အမှတ်တရ စကားပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်းက ခရစ္စမတ် ဒေသနာတော်ချီးမြှင့်ပြီး မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) နာယက ဘုန်းတော်ကြီး ဒေါက်တာ ရာလ်ဘွေက မြန်မာပြည်သာယာဝပြော ငြိမ်းချမ်းစေရေးအတွက် ဆုတောင်းမေတ္တာပို့သသည်။

 

ဆက်လက်၍ ယုံကြည်သူများ အသင်းတော်(BCM)မှ လူငယ်များက အပိတ်ဓမ္မ သီချင်းကို သီဆို၍ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီး မြဆန်းက ကောင်းချီးပေးဆုတောင်းပြီး ခရစ္စမတ်ညစာကို  အတူတကွသုံးဆောင်ကြသည်။

 

သတင်းစဉ်