ကျီခါးမြို့၌ ခွင့်ပြုရန်ပုံငွေကျပ် ၇၈ ဒသမ ၅၂၈ သန်းဖြင့် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး 

ကျီခါး ၄ ဇူလိုင် 

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၅၂၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်း၊ လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များ အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်တိုင်များ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ကျီခါးမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်လမ်း၊ ပန်မွာလ်လမ်း၊ တုန်ကျင်းလမ်းနှင့် အမှတ်(၁)ရပ်ကွက် ထွမ်ဇာကျင်လမ်း၊ ကားဂိတ်လမ်းများတွင် လည်းကောင်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို အမှတ်(၁)ရပ်ကွက် အ.မ.က(ခေါမွန့်)ကျောင်းလမ်း၊ ပန်းဘဲ+ဇိုဇမ်လမ်းနှင့် အမှတ်(၂)ရပ်ကွက် ခတ္တာလမ်း၊ ကမ်းနားလမ်း၊ အ.မ.က.(ခွဲ)ကျောင်းလမ်း၊ ထွမ်ဇထောင်လမ်း၊ မြို့ပတ်လမ်း၊ မာအို၀မ်လမ်းများတွင် လည်းကောင်း၊ ဓာတ်တိုင် (၁၈)တိုင် ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းကို ကျီခါးမြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်ရှိ တောင်ဇလပ်လမ်းတစ်လျှောက်၌ လည်းကောင်း ဆောင်ရွက်ထားလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုအားလုံး ပြီးစီးနေပြီဖြစ်သည်။

 

ကျီခါးမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီးစက်ကီလို၀ပ်အား (၁၆၀)ဖြင့် မြို့ပေါ်ရပ်ကွက်(၂)ခုရှိ အိမ်ခြေ(၃၁၅)အိမ်အား ညစဉ်(၇)နာရီမှ (၉)နာရီအထိ လျှပ်စစ်မီးပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များ အသစ်လဲလှယ်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် လျှပ်စစ်မီး သုံးစွဲနိုင်သူ ပိုမိုတိုးပွားလာပြီး ယခင်ထက် ဓာတ်အားပိုမိုပြည့်၀စွာ သုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။ 

 

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)